By ရီနာ (Ri Na)
တစ်ယောက်တည်း နေရတာ ကြိုက်တာလားလို့ မေးရင်.. ဟုတ်တယ်လို့ ပြန်ဖြေမိမယ် ထင်တယ်။ လူတွေနဲ့ ရောနှောနေရတာရော ကြိုက်လားလို့ မေးရင်… တစ်ခါတလေတော့လည်း ကြိုက်ပါတယ်၊ အမြဲတမ်းတော့ မဟုတ်ဘူးထင်တယ်လို့ ပြန်ဖြေမိမယ်။
တစ်နေ့ မိုးလေးက အုံ့မှိုင်းမှိုင်း၊ နေကမပွင့်တပွင့် ဖြစ်နေတဲ့ ရာသီဥတုလေးမှာ ကိုထက်တို့ အိပ်ရာက နိုးလာခဲ့လေတယ်။ နိုးနိုးချင်းပဲ “အီး.. အားး” အပျင်းဆန့်ရင်း ဘေးမှာ ချထားတဲ့ ဖုန်းကို ကောက်ကိုင်ပြီး “ဒီနေ့ကတော့ ငါ့နားရက်ပဲ.. လုပ်ချင်တာလေးတွေ လုပ်ရင်း ကိုယ့်ကိုကိုယ် အချိန်ပေးရမယ်” လို့ ပါးစပ်ကနေ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
ရေရွတ်နေတဲ့ အချိန်မှာပဲ “ဒူး ဒူး ဒူး” နဲ့ ဖုန်းတုန်ခါပြီး ဝင်လာတာကြောင့် ကောက်ကိုင်လိုက်ရင်း “ဟဲလို မေမေ” လို့ ထူးလိုက်လေတယ်။ “သား… ဘယ်အချိန်ရှိပြီလဲ၊ မထသေးဘူးလားလို့” ဆိုတဲ့ မဆူတဆူ အသံကို စကြားလိုက်ရတယ်။ ထုံးစံအတိုင်း “ထတော့မှာပါ မေမေရဲ့.. သား ဒီရက်လေးပဲ နားရတာမလို့ပါ” ပြောရင်း ကိုထက်တို့ တစ်ပတ်တာ ပင်ပန်းနေသမျှကို အရင်းခံပြီး မိခင်ဖြစ်သူထံ ညည်းညူပြလိုက်မိတယ်။
မိခင်နဲ့ စကားပြောပြီးတဲ့နောက်မှာတော့ တစ်ယောက်တည်း တစ်နေ့တာ ကုန်ဆုံးဖို့ အချိန်ယူဖြစ်တယ်။ ဘာမှမလုပ်ဘဲ အိပ်တယ်၊ စားတယ်၊ ရုပ်ရှင်ကြည့်တယ်၊ လမ်းလျှောက်တယ်၊ စသဖြင့် ကိုယ်ကြိုက်တဲ့အရာလေးတွေ လုပ်ဖြစ်တာပေါ့။ ဒီလိုရက်လေးတွေကတော့ ကိုထက်အတွက် တန်ဖိုးအရှိဆုံး ရက်ကလေးတွေ ဖြစ်နေခဲ့တာပေါ့။
ကိုထက်က စကားပြောချိုပြီး ရိုးသားဖြောင့်မတ်တဲ့ လူငယ်တစ်ယောက်လို့ ပြောလို့ရတယ်။ သူက လုပ်ငန်းခွင်မှာလည်း ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းတစ်ဦးဖြစ်သလို၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဆိုရင်လည်း နွေးထွေးပြီး နားထောင်တတ်တဲ့သူတစ်ယောက်လို ဖြစ်နေတတ်တယ်။ ကိုထက်က အသန့်အပြန့်လည်း အရမ်းကြိုက်တဲ့သူဖြစ်သလို၊ လူတွေ သူ့အပေါ် မကောင်းမြင်မှာ၊ သူ့ကို မချစ်တော့မှာကိုလည်း ကြောက်တတ်သူဖြစ်တာကြောင့် ဒါကိုတော့ ဘယ်သူမှ သတိထားမိကြမှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာရော၊ မိသားစုနဲ့ သူငယ်ချင်းတွေအပေါ်မှာပါ ကိုထက်ရဲ့ ယုံကြည်ချက်က “ငါဟာ ပေးဆပ်ဖို့ မွေးဖွားလာခဲ့တာ” ဆိုတာမျိုးလေးပေါ့။
တစ်နေ့ကျတော့ ကိုထက်တို့ အလုပ်က ပါတီတစ်ခုကို ကိုထက်တစ်ယောက် သူ့ဆရာတစ်ယောက်နဲ့ လိုက်သွားခဲ့တယ်။ ကိုထက်ကတော့ ထုံးစံအတိုင်း မိတ်ဖွဲ့ဘာညာလုပ်နေခဲ့တာပေါ့။ သူ့ဆရာကလည်း ကိုထက်နဲ့ သူ့အပေါင်းအသင်းမိတ်ဆွေတွေကို မိတ်ဆက်ပေးခဲ့တယ်။
ကိုထက်တစ်ယောက် ပါတီဆိုတဲ့အတိုင်း တစ်ပွဲပြီးတာတောင် မပြီးနိုင်ဘဲ ဆုံရခဲမိတ်ဆွေနဲ့ နောက်တစ်ဝိုင်းပြီး တစ်ဝိုင်း ဆရာနဲ့အတူ ယမကာရနိုင်တဲ့ ဆိုင်တွေ လိုက်ထိုင်ရပါတော့တယ်။ ကိုထက်က လူအများနဲ့ပြောဆိုဆက်ဆံရတာကြိုက်ပေမယ့်လည်း ဒီလို တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းထိုင်ပြီး မိတ််ဖွဲ့ရတာတော့ ကြိုက်မနေတော့…အားနာမှု အဆင့် (level)မြင့်သူ ကိုထက်တို့ တိုင်ပတ်ပြီလေ…အထက်လူကြီးဆရာရဲ့ စကားကိုလည်း လွန်ဆန်ဖို့ခက်တော့ အနေခက်နေလေရဲ့…ကိုထက်ဒီနေရာကနေ ထွက်နိုင်ဖို့ စဥ်းစားရလေပြီ..အိမ်ကစောင့်နေပြီလို့ ပြောရအောင်လည်း ကိုထက်က နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူတစ်ဦး ဖြစ်နေလေရဲ့…ကိုထက်ရဲ့ engery က ည(၈)နာရီဆို ကုန်တော့ ကိုထက်တစ်ယောက် ဟန်တောင်မဆောင်နိုင်ဘဲ ပင်ပန်းနေတာ မျက်နှာမှာ ပေါ်နေလေရဲ့..သူ့ဆရာကတော့ သတိမထားမိဘူးပေါ့လေ…
ကိုထက် အတွေး..”အော် ငါဆိုသည်မှာလည်း အားနာနေပြန်တယ်။ ပင်ပန်းနွမ်းနယ်နေတာတောင် ပါးစပ်က ကျွန်တော် ပြန်လို့ ရပြီလားဆရာလို့တောင် ပြောမထွက်နေပါလား။” ကိုထက်ရဲ့ လက်ရှိဖြစ်နေတဲ့အခြေအနေကြောင့် ဖြစ်နေတဲ့ စိတ်ဖိစီးမှုက တစ်နေကုန်အလုပ်လုပ်ရထက်ပင် ပင်ပန်းနေပါတယ်။ အချိန်ဇယားနဲ့ အလုပ်လုပ်တတ်တဲ့ ကိုထက်တို့ကတော့ အချိန်ဇယားအတိုင်း ဖြစ်မလာတဲ့အချိန်ဆို စိတ်တွေဖိစီးပြီး နဂိုထက် (၂)ဆပင်ပန်းတတ်တယ်။ ဖြစ်တဲ့ ကိစ္စလေးက သူများတွေအမြင်မှာ သေးသေးလေးလို့ မြင်လို့ရပေမယ့် ကိုထက်လို social engery အကန့်အသတ်ရှိတဲ့သူအတွက်တော့ တော်တော်ခက်ခဲတဲ့ အခြေအနေလို့ ပြောလို့ ရတယ်။ ဒါနဲ့ ကိုထက်တို့ နောက်ဆုံး ကြံရာမရ အိမ်သာကို ပြေးပြလိုက်တယ်။ အဲ့ဒီနောက် ဆရာကို အစားမှားပြီး နေလို့ မကောင်းဖြစ်လာလို့ ပြန်နှင့်တော့မယ်ဆိုတဲ့ အကြောင်းပြောလိုက်လေတယ်။ ယမကာကြောင့်လို့ ပြောရအောင်လည်း ကိုထက်က ယမကာသောက်သူ မဟုတ်။
အိမ်ပြန်ရောက်တော့ ကိုထက်တို့ ဖုန်းခေါ်ပြီး မိခင်ဖြစ်သူကို အဖြစ်အပျက်တွေပြောပြခဲ့တယ်။ မိခင်က သူ့ခံစားချက်တွေ နားထောင်ပေးရာ သူ ဖြစ်နေခဲ့တယ်။ မိခင်ဖြစ်သူရဲ့ စကားကိုဆို နားထောင်တယ်ပေါ့။ မိခင်ကလည်း နားထောင်ပေးခဲ့သူနေရာသာ ရှိပေးခဲ့တယ်လို့ ပြောရင်လည်း မမှားဘူးပေါ့။ ကိုထက်ရဲ့ စိတ်ဖိစီးမှုတွေ ဖြေလျှော့တဲ့ နည်းတွေကို ပြောပါဆိုရင်တော့ Me time ပေးတာနဲ့ မိခင်နဲ့ ဖုန်းပြောတာပေါ့။ Me time ဆိုတာကတော့ ကိုယ့်အတွက်ကို အချိန်ပေးပြီး အနားယူတာမျိုးကို ပြောတာပါ။ ကိုထက်က ဆော့ဝဲလ်ရေးသူ (Software developer) ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုက တော်တော်များတယ်လို့ ပြောရမယ်။ social energy ကလည်း အကန့်အသတ်နဲ့ စီမံခန့်ခွဲရတဲ့သူလည်း ဖြစ်တာအလျှောက် ကိုယ့်ကိုကိုယ် ပြန်အားဖြည့်တဲ့အချိန်တွေ လိုအပ်တယ်။ ဒီလို အလေ့အကျင့်လေးတွေကြောင့် အခုလက်ရှိ ဖြစ်နေတဲ့ ကိုထက်ကို ဆက်တွေ့နေရတာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ချိုသာပြီး ဆက်ဆံရေးကောင်းတဲ့ ကိုထက်ဆိုတာ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက ပျောက်ကွယ်သွားခဲ့မှာ အမှန်ပါ။
လွန်ခဲ့သော (၂)နှစ်ခန့်ဆီသို့………
နိုးထလာတဲ့ မနက်ခင်းကတော့ နေမင်းကြီး ထိန်လင်းနေပေမယ့် မိုးအံ့နေသလို၊ သာယာနာပျော်ဖွယ်ငှက်တွေက အော်နေပမယ့် ငှက်ဆိုးထိုးနေသလို ခံစားချက်ကြီး တင်းတင်းကြပ်ကြပ်နဲ့ နိုးထခဲ့တယ်။ မိခင်က ကိုထက်ကို “သား…မနက်စာ…ထမင်းကြော်နဲ့ ကြက်ဥကြော်စားမလား” လို့ မေးတဲ့ အသံကို သတိရတယ်။ “ဟုတ်တယ်။ ကိုထက်တစ်ယောက် နိုင်ငံရပ်ခြားကိုအကြောင်းအမျိုးမျိုးကြောင့် ထွက်လာရတယ်။ ကိုထက် ဖြစ်ချင်တာနဲ့ လုပ်နေရတာတွေက အစီအစဥ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ ကိုထက်မှာ နောက်(၅)နှစ် (၁၀)နှစ် ဘာကြီးဖြစ်ချင်တယ်။ ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဥ်တွေ ရှိမနေခဲ့ဘူး။ နိုင်ငံခြားထွက်ဆိုလို့ ထွက်လာခဲ့တဲ့ အခြေအနေတစ်ခုဖြစ်နေခဲ့တယ်။ နိုင်ငံခြားမှာ တစ်ယောက်တည်း စနေရတဲ့အချိန်တွေက ကိုထက်အတွက် ခက်ခဲတယ်။ ကိုထက်ကြိုက်တဲ့ အိမ်ထမင်းနဲ့ဟင်းကိုလည်း လွမ်းတယ်။ ကိုထက်အတွက် နေရာသစ်၊ မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့ရတာ စိတ်ပင်ပန်းစေတယ်။ တစ်ခါတလေ နှိမ်ခံရတဲ့ဆိုတဲ့ ခံစားချက်ဖြစ်တယ်။ ကိုထက်တစ်ယောက် သိမ်ငယ်စိတ်ဖြစ်တယ်။ မိဘအိမ်မှာ ထမင်း၊ ဟင်းအဆင့်သင့် ထမင်းစားပွဲမှာ စားခဲ့ရသမျှ ခုတော့ ကိုယ့်လက်ကိုယ့်ခြေနဲ့ အကုန်လုံး လိုက်လုပ်နေရတယ်။ တစ်ခါတလေ နောင်တရတယ်။ အိမ်မှာ ကဂျီကဂျောင် ကျသမျှ၊ ခုတော့ အဆင်ပြေသလို နေနေရတယ်။ နွေးထွေးတဲ့ မိသားစုထမင်းဝိုင်းလေးက ဘယ်တော့ ပြန်ဖြစ်မယ် မသိနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ပင်ပန်းတယ်။ ခက်ခဲတယ်။ အချို့ရက်တွေဆို ကိုထက် တစ်ယောက်တည်း ကြိတ်ငိုမိတဲ့အထိပါပဲ။ “ငိုကြွေးခြင်းဟာ အားနည်းတာ” ဆိုတဲ့ အယူအဆကြောင့် လူရှေ့မှာတော့ မငိုဘဲ သန်မာကြောင်းပဲ ပြလေ့ရှိတယ်။ ဒီလိုတွေ စဖြစ်ခဲ့တာက ကိုထက် ချစ်ရတဲ့ အစ်မတစ်ယောက်ဆုံးပါးတဲ့ သတင်းကြားပြီးကတည်းက ပြိုလဲလာစပြုလာခဲ့တာပါ၊ ချစ်ရတဲ့သူတွေကို ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်ဝေဒနာမျိုးကိုပါ ခံစားခဲ့ရပြီး လက်ခံဖို့လည်း သိပ်ကို ခက်ခဲနေခဲ့တာပေါ့။
ဒီလိုအခြေအနေမှာ ကိုထက် ရှာဖွေခဲ့နိုင်တာက “နားထောင်ပေးနိုင်တဲ့ မိခင်နဲ့ “Me Time” ပါ။ ဒါတွေက ကိုထက်တစ်ယောက် အခက်အခဲတွေကို လက်ခံရင်ဆိုင်ကျော်လွှားနိုင်ဖို့ အကောင်းဆုံး ခွန်အားတွေ ဖြစ်လာခဲ့ပါတော့တယ်။ Say No ပြောတတ်ဖို့အတွက် ကြိုးစားလာတဲ့ ကိုထက်အဖို့ ကိုယ်အဆင်မပြေလည်း အားနာနာနဲ့ လုပ်ပေးတယ်ဆိုတာထက် ကိုယ်ဘက်က အဆင်ပြေပြေဖြစ်မှ ကူညီပေးနိုင်လာတာ တကယ်စစ်မှန်ပြီး နာကျင်မှုနည်းတဲ့ မှန်ကန်တဲ့ကိုယ် ဖြေးဖြေးချင်း ရှာဖွေဖို့အတွက် လမ်းစဖြစ်လာပါတယ်။
စာရေးသူ ဆုတောင်း။ ။ အားလုံးပဲ ပြောင်းလဲမှုတိုင်းကို ကြံံ့ကြံ့ခံရင်း ခွန်အားများဖြင့် ကျန်းမာစွာ ရှေ့ဆက်နိုင်ကြပါစေ။
By ရီနာ (Ri Na)
