By ဧအိမ်
ကဆုန်လပြည့်နေ့ရောက်တိုင်းလုံမေ့ရင်ထဲမှာ အမျိုးအမည်မသိတဲ့ စိတ်ခံစားချက်တွေ ကြီးစိုးလို့နေ တတ်တယ်။ လပြည့်နေ့ရောက်တိုင်းလုံမေတို့ ရပ်ကွက်ကလူတွေအလုပ်များတတ်ကြတယ်။ တမြို့နယ် လုံးဆိုင်ရာ ကဆုန်ညောင်ရေသွန်းပွဲကို တောင်ဘုရားကြီးမှာ မြို့လူကြီးတွေကဦးစီး ကျင်းပကြတယ်။ မြို့သူ၊ မြို့သားတွေညောင်ရေသွန်းကြတဲ့ ညောင်ပင်ကို ဘုန်းဘုန်းဦးကိတ္တိသာရက အိန္ဒိယကနေ သယ်ယူ လာတယ်လို့ရှေးလူကြီးများ လက်ဆင့်ကမ်းစကားရှိကြတယ်။ မနက်အာရုံဦး ဆွမ်းကြီးလောင်းလှူပွဲမှာ ဆွမ်း၊ နှမ်းမုန့်ကြော်၊ မုန့်ဆီကြော်၊ ငါးကြော်(ပုစွန်ကြက်သွန်ထောင်းကြော်)၊ မုန့်ဖက်ထုပ် စသဖြင့် စိုက်ပျိုးသီးနှံထွက်နှုန်းပေါ်မူတည်ပြီး ကိုယ်တတ်စွမ်းရာလှူဒါန်းကြတယ်။ စာရေးတန်မဲတွေ ကလည်း စိတ်လှုပ်ရှားစရာကောင်းတယ်။ မွေးကင်းစကလေးငယ်ငယ်ရှိကြတဲ့မိဘတွေက ကျန်းမာတဲ့ ကလေးလေးတွေအဖြစ်ကြီးပြင်းလာစေဖို့ ကလေးမဲ ဖောက်ကြတယ်။ မဲပေါက်ရင် ငွေကြေးပမာတစ်ခု ကပ်လှူကြတဲ့ ဓလေ့တစ်ခုလည်း ရှိတယ်။ ဘုန်းဘုန်း အားလုံးကိုလောင်းလှူပြီးချိန်မှာ ဘိုးသူတော်လို့ ဆိုတဲ့ အဝတ်ဖြူရုံထားတဲ့ ကာလသားခေါင်း ဒါမှမဟုတ် ကာလသားတစ်ဦး၊ဦးဆောင်တဲ့အဖွဲ့က နောက် ဆုံးကျန်သမျှအလှူခံကာ လုပ်အားဒါနပြုကြသူ အားလုံးကို ပြန်လည်ဝေမျှစားသောက်ကြတဲ့ ဓလေ့သည် လည်းချစ်စဖွယ်။ ဆွမ်းလောင်းပြီးချိန်မှာ တွင်းရေငင်ပြီး ညောင်ရေသွန်းလောင်းတတ်ကြတယ်။ ညောင် ထောက်သူများလည်းရှိတယ်။ နေ့လယ် ၃နာရီခန့်မှာ ဆွမ်းတော်ပွဲကပ်လှူဒါန်းမဲ့ကလေးတွေကို ဝန်းရံတဲ့ လှည်းဇာတ်၊ ကျွဲကနဲ့ ရပ်ရွာ ဓလေ့အကတွေကမြို့တပတ်လှည့်လှည်ဖြေဖျော်ပေးပြီး တောင်ဘုရား ကြီးကို လာကြတယ်။ လှည်းဇာတ်ဆိုတာ နွားလှည်းတွေပေါ်မှာ ကွပ်ပစ်တွေတင်ပြီး ၅၅၀ ဇာတ်နိပါတ် တော်တွေထဲက တစ်ခုကို ရွေးချယ်ပြီး တင်ဆက်ကပြဖြေဖျော်ကြခြင်းဖြစ်တယ်။ လှည်းဇာတ်ကို ကလေး၊ လူကြီး အားလုံး ကြိုက်နှစ်သက်ကြတယ်။ နှစ်စဉ်နှစ်တိုင်း မပါမဖြစ်တောင်းဆိုကြလွန်းတဲ့ ဖြေဖျော်မှု တစ်ခုလည်း ဖြစ်တယ်။ လုံမေအကြိုက်ဆုံးက ရွဲကုန်သည် ပြဇာတ်ဖြစ်တယ်။ ကျွဲကဆိုတာက ကျွဲအဝတ် ရုံထဲမှာ လူနှစ်ဦးက ကိုအောင်နိုင် ဇာတ်ထုတ်ကို ပြောပြဖြေဖျော်ခြင်းဖြစ်တယ်။ ကျောက်ဆည်ဆင်ရုပ် အကများကဲ့သို့ဖြစ်တယ်။ ရပ်ရွာဓလေ့အကဖြစ်တဲ့မှာ လယ်ထွန်မင်္ဂလာသီချင်းမှာ မင်းဝတ်မင်းစားများ ဝတ်ဆင်ပြီး ကပြဖြေဖျော်ခြင်းဖြစ်တယ်။ ပုဏ္ဏားယိမ်းအကများကလည်းနှစ်လိုဖွယ်။
ဘုရားကြီးကို စောစောလာရောက်ဖူးမြော်ကြသူတွေကို ဆိုင်းဝိုင်းနဲ့ ဧည့်ခံတယ်။ ငှက်ပျောဖူးချဉ်သုပ်၊ ဘာလီဖျော်ရည်တို့နဲ့လည်းဧည့်ခံတတ်သေးတယ်။ ငှက်ပျောဖူးချဉ်သုပ်ကို လုံမေအတော် ကြိုက်ပါ တယ်။ မြို့သူမြို့သားအားလုံးလည်း ကြိုက်မယ်ထင်ပါတယ်။ ညပိုင်းမှာ လုံမေတို့ ရပ်ကွက်ထဲက ကာလ သား၊ ကာလသမီးများက အရပ်ဇာတ်ဖြင့်ဧည့်ခံလေ့ရှိတယ်။
အရပ်ဇာတ်မှာ အဖေက နှစ်တိုင်း ပါဝင်ကပြချင်တယ်။ ရက်အများကြီးပေးပြီး ဇာတ်မတိုက်နိုင်တာမို့ တိုက်တဲ့ရက်နည်းနည်းမှာ ထမင်းမေ့၊ ဟင်းမေ့လုပ်တတ်ကြလို့ ထမင်းမေ့၊ ဟင်းမေ့ဇာတ်လို့ အမေက မြည်တွန်တယ်။ ကဆုန်လရောက်တိုင်း အဖေအလုပ်များနေတတ်တယ်။ အလှူခံရာမှာလည်း တလုံးလုံး။ ဆွမ်းလောင်စင် ထိုးရာမှာလည်းတလှိုင်းလှိုင်း။ ဇာတ်စဉ်ထိုးရာတွင်လည်း တလှုပ်လှုပ်။ ဇာတ်တိုက်ရာမှာ လည်း တရုန်းရုန်း။ နောင်လာမဲ့ ကာလသားခေါင်းရွေးချယ်ပွဲမှာ လုံမေ့ အဖေကို လျာထားကြတယ်။ အဖေက ဖင်ပေါ့တယ်လို့လည်း ဆိုတတ်ကြတယ်။ အဲ့ဒီနေ့က နှစ်တိုင်းလိုပဲ အဖေအလုပ်များနေတယ်။ အိမ်မှာ နွားတွေမွေးထားလို့ နွားစာကျွေးရဦးမှာမို့ အမေ့ကိုပဲနွားတွေကျွေးပေးဖို့ အဖေက မှာနေသံ လုံမေ ကြားတယ်။
လုံမေ ရေချိုးဖို့ ပြင်တယ်။ အဖေလည်းနောက်ကလိုက်လာတယ်။ ရေမော်တာမောင်းပြီး ပိုက်က ကျတဲ့ ရေကို ရေကန်ထဲမထည့်ဘဲ ပိုက်လှည့်ပြီး အဖေနဲ့လုံမေ ရေအတူတူခံချိုးရတာကို အတော်ကြိုက်တယ်။ လုံမေက ခါတိုင်းလို အဖေကို မစောင့်တော့ဘဲချိုးတယ်။ အင်္ကျီအသစ်က လုံမေ့ခေါင်းထဲမှာ တော်တော် လေး ကြီးစိုးနေတယ်။ ဘုရားကြီးကို ကပ်လှူမဲ့ မုန့်တွေကို အဘွားကပြင်ပေးနေတယ်။ ဂါဝန်အသစ်၊ ဖိနပ်အသစ် လှလှလေးဝတ်ပြီး မြို့ပတ်ရမှာကို လုံမေပျော်နေတယ်။ ရေမော်တာမောင်းတဲ့အချိန်မှာ ရေတွေကယိုနေတယ်။ အသံတွေလည်း တစီစီ မြည်နေတယ်။ အဖေကအလုပ်များနေတဲ့ကြားက ပွေးညှပ်နဲ့ ကပ်မယ်ဆိုပြီး လုံမေကို အိမ်ထဲက ပွေးညှပ်ထုပ်ပြေးယူခိုင်းတယ်။ ပြီးတော့ စတီးရေဖလား ပါယူလာဖို့လည်း မှာလိုက်သေးတယ်။ အဖေပွေးညှပ်ဖျော်ဖို့ အလုပ်များနေတုန်း လုံမေလည်း ရေကန် အသေးထဲကရေတွေပဲ ကိုယ်စိုရုံ မြန်မြန်ရေလောင်းပြီး အင်္ကျီအသစ်စီ ပြေးတယ်။ ပြေးနေတုန်း “ဒုန်း” ဆိုတဲ့ အသံလုံမေကြားတယ်။ နောက်လှည့်ကြည့်တော့ အဖေက ရေမော်တာနဲ့ လက်ငြိမ့်ရေဘုံဘိုင် ကြားမှာ ပါးစပ်ကအမြှုပ်တွေထွက်ပြီး မှောက်ခုံလဲနေတယ်။ လုံမေအသံပြာနေအောင်အော်တယ်။ အမေ ကနွားစာ စင်ပေါ်ကခုန်ဆင်းလာတယ်။ လူကြီးတွေက ဓာတ်လိုက်တာဆိုပြီး မီးမိန်းခလုပ်တွေ ပိတ် တယ်။ တီတီ့ရဲ့အိမ်အပြင်ထွက် အော်သံကြောင့် ရပ်ကွက်တွင်း ပြားပန်းခပ်နေကြတဲ့ လူတွေရဲ့ ဦးတည် ချက်က လုံမေတို့အိမ်ထဲသို့ ရောက်လာကြတယ်။ အဘွားကလူအုပ်ကြီးထဲမှာ သားလေး သားလေး……….. …ငါ့သားလေးသေပြီထင်တယ်လို့ အဖေ့ရင်ဘတ်ပေါ်လက်တင်ပြီး တတွတ်တွတ်ရွတ်ပြီးငိုနေတယ်။ လုံမေ့အဖေက လုံမေ့ကို ဘယ်သွားသွား ဂုတ်ပိုးပေါ်ပွေ့တင်ပြီးခေါ်သွားတတ်တယ်။ မနက်အိပ်ယာနိုးရင် အဖေ့ကိုအရင်လုံမေရှာလေ့ရှိတယ်။ ယာထဲသွားတိုင်း နွားလှည်းပေါ်မှာ နွားကြိုးတွေကို ကိုင်ထားပြီး အဖေရင်ခွင်ထဲမှာ ထိုင်ရတာလုံမေပျော်တယ်။ အမေရိုက်တိုင်း အဖေက ဝင်ကာပြီး အမေစိတ်ပြေအာင် အရိုက်ခံပေးတာကိုလည်း လုံမေ မြင်ယောင်တယ်။ အဖေ့ကို ဆေးရုံ ခေါ်သွားဖို့ပွေ့ချီနေကြတဲ့ ခြေထောက်တွေကြားမှာ လုံမေ ချာချာလည်နေတယ်။ ဆေးရုံကအဖေဆုံးပြီလို့ ဖုန်းဆက်တာကိုလည်း လုံမေမကြား။ အဖေ့ အလောင်းကိုပြင်ဖို့ အိမ်မှာကုတင်တွေ ရွေ့နေတာကိုလည်း မသိ။ လုံမေ အပျော်ရ ဆုံးနေ့က ဝမ်းနည်းရဆုံး နေ့လည်းဖြစ်ခဲ့ပြီ.။ ဘဘဦးသုခရဲ့ ဘဝသံသရာသီချင်းထဲက ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်ပါလည်း ဖြစ်ရမှာ ဆိုတဲ့ အတိုင်း ဒါသည်ပင် ဘဝသံသရာ မဟုတ်ပါလား………။
အရင်ကဆုန်ကပြည့်နေ့ရောက်တိုင်း အသံချဲ့စက်(ဓာတ်စက်) က အဖေ့အားရည်စူး၍ ဆိုပြီး စာရေးတန်မဲ လှူဒါန်းတဲ့ အသံကိုကြားရတိုင်း ရင်ထဲမှာတစုံတခု လစ်ဟာသွားသလို စစ်ခနဲနာကျင်ရတတ်တယ်။ အဲ့ဒီ အသံတွေကိုရှောင်ဖို့၊ အဲ့ဒီနေ့ကိုမေ့ဖျောက်ဖို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ ဒီနှစ် ကဆုန်လပြည့်နေ့မှာ အဖေ့ကို လွမ်းဆွတ်တသမှု၊ ပူဆွေးမှု၊ ဝမ်းနည်းကြေကွဲမှုတွေကနေ ထွက်မပြေးဘဲ၊ ကြောက်မနေဘဲ ရှောင်ဖို့မကြိုးစားဘဲ ငြိမ်ငြိမ်လေးထိုင်ကြည့်ဖြစ်တယ်။ စိတ်ခံစားချက်ဆိုတာ ပင်လယ်ကမ်းစပ်မှာထိုင်ပြီး ခြေထောက်လေးချကြည့်ရင် လှိုင်းတွေက ခြေထောက်ကိုလာပုတ်ပြီး ခဏနေပြန်ကျသွားသလိုပဲ၊ အမြဲတည်နေတဲ့ အရာ မဟုတ်တာမို့ မကြောက်နဲ့ သတိနဲ့ပဲ ကြည့်ပေးလိုက်ပါဆိုတဲ့ အစ်မတစ်ယောက်ရဲ့ လက်ဆင့်ကမ်း စကားလေးကိုလည်း ကြားယောင်မိရင်းပေါ့……။
ဧအိမ်
