သိရက်နဲ့

By Daniel Hein

၁။ ဖြူဖွေးနေတဲ့လက်ကောက်ဝတ်ပေါ်ကရွှေဝါရောင်နာရီလေးကသူမကိုပိုလှသွားစေတယ်လို့ထင်တယ်။ ဆံပင်ရှည်ကို ဖြန့်ချထားပြီး မြန်မာရင်ဖုံး ဝမ်းဆက်လေးနဲ့ဆိုတော့ အလှပေါ် အယဉ်ဆင့်တာပေါ့။ မျက်နှာလေးက ကြည်နေပြီး အမြဲလို အေးချမ်းတဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်ထားသူ အမျိုးသမီးတစ်ယောက်အဖြစ် သူ့ကို လူတွေသိကြတယ်။ စာတော်တယ်။ ထက်မြက်တယ်။ ကိုယ်ပိုင်ကားအနီလေးကို ကိုယ်တိုင်မောင်းပြီး ကျောင်းလာတက်တဲ့ကျောင်းသူတစ်ယောက်။ အားလပ်ချိန်တိုင်းမှာ သူရဲ့ လပ်တော့လေးနဲ့ပဲ အလုပ်ရှုပ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။

၂။ အတန်းပြီးရင် ကျောင်းသား/သူတိုင်းက ကိုယ့်နေရာ၊ ကိုယ့်အိမ်၊ ကိုယ့်အဆောင်ကို အပြေးပြန်ပြီး နားချင်ကြတာသဘာဝပဲလို့ ကျွန်မထင်မိတယ်။ ဒါပေမယ့် ကျွန်မအတွက် အဲ့ဒီသဘာဝကပေးတဲ့ စိတ်က ချို့ယွင်းနေသလားတော့မသိ။ Practical ပြီးလို့ Labက ထွက်လာခဲ့တယ်။ အိတ်ထဲက ကားသော့ကို ထုတ်လိုက်ပြီး ကားထားခဲ့တဲ့ Car Parking ကို ထွက်လာခဲ့တယ်။ သူသူကိုယ်ကိုယ် အပြေးအလွှား သွားနေကြချိန်မှာ ကျွန်မကတော့ အေးအေးဆေးဆေးပဲ။ ကားတံခါးဖွင့်ပြီး ကားထဲမှာခဏထိုင်နေလိုက်တယ်။ ကျွန်မမှာ ပြန်စရာ ကျွန်မရဲ့အိမ်ရှိတယ်။ ကျွန်မရဲ့အိမ်ဆိုပေမယ့် ကျွန်မမိဘတွေရဲ့ အိမ်ပါ။ အခု ကျွန်မစီးနေတဲ့ကားကလည်း အိမ်ကဝယ်ပေးထားပေမယ့် ကျွန်မမိဘတွေရဲ့ကားပဲလေ။ ကားပေါ်မှာ အချိန်အတော်ကြာ ထိုင်နေမိတယ်။ ကျွန်မမှာ တခြားသွားစရာ နေရာ မရှိပါဘူး။ တခြား ကော်ဖီဆိုင်သွားမလား၊ သူငယ်ချင်းတွေအိမ်သွားမလား ။ သွားလို့ရတာပဲ။ ဒါပေမယ့် အဲ့နေရာတွေမှာ ကျွန်မအမြဲနေလို့မရနေဘူးလေ။ ကျွန်မအိမ်မှာပဲ ကျွန်မနေလို့ရတာ။ တစ်ခုတော့ရှိတာပေါ့။ ကျွန်မက အိမ်ကနေထွက်လာတဲ့အချိန်မှာဆိုရင် လှောင်အိမ်ထဲကနေလွတ်မြောက်လာတဲ့ ငှက်ကလေးတစ်ကောင်လိုပျော်မြူးနေတတ်တယ်။

၃။ ဖေ့ဖေ့ရဲ့ အော်သံကိုကြားလိုက်ရတယ်။

“မင်း ဒီလောက်လေးတောင် မသိတတ်ဘူးလား”တဲ့။ ပထမဆုံး အမေ့ရဲ့ ရှိုက်သံကိုကြားလိုက်ရတယ်။ “ နင်ဖြစ်ချင်သလို အမြဲမဖြစ်နိုင်ဘူး နိုင်မင်း။ ငါ့မှာလည်း ငါ့ဘဝ၊ ငါ့ရွေးချယ်မှုဆိုတာရှိတယ်။ “ လေသံပြတ်ပြတ်နဲ့ စူးရှရဲရင့်တဲ့အသံကိုကြားလိုက်ရတယ်။ ခဏအတွင်းမှာပဲ ဖန်ပုလင်းကွဲသံ၊ ပလတ်စတစ်ပစ္စည်းတစ်ခုကိုနံရံနဲ့ပစ်ပေါက်လိုက်သံ၊နံရံကိုတစ်ခုခုနဲ့ထုနှက်သံလိုမျိုးတွေဆက်တိုက်ကြားနေရတော့တယ်။ စကားအချေအတင်တွေ၊ အပြန်အလှန်အော်ဟစ်သံတွေနဲ့ ဧည့်ခန်းက ပြည့်နှက်နေတော့တယ်။ ကျွန်မချစ်တဲ့ Puppyလေးက ဧည့်ခန်းကနေ ပြေးထွက်လာပြီး ကျွန်မဘေးမှာလာထိုင်လို့မှိုင်နေတယ်။ဒီအသံ၊ဒီအဖြစ်အပျက်တွေကအဆန်းတော့လည်းမဟုတ်ပါဘူးလေ။ Puppyရော ကျွန်မရော မြင်နေကြ၊ ကြားနေကြ။ ကျွန်မ Puppyလေးရဲ့ ကျောကိုသပ်ပြီး သူ့ကိုချော့မြူနေလိုက်တယ်။ သူ့ခံစားချက်ကို နားလည်တာ ကျွန်မပဲရှိသလို သူတစ်ယောက်ပဲ ကျွန်မခံစားချက်ကို နားလည်မယ်ထင်တယ်။

၄။ ဖေဖေနဲ့ မေမေဟာ မိဘတွေသဘောတူလို့လက်ထပ်ခဲ့ကြတာတဲ့။ အလုပ်ကြိုးစားပြီးခေတ်ပညာတတ် ဖေဖေ့လိုလူကိုမေမေကမငြင်းခဲ့သလိုရိုးသားပြီးတည်ငြိမ်တဲ့မေမေ့ကိုလည်းဖေဖေကခေါင်းညိတ်ခဲ့တာတဲ့။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ ဘာမှ ပြောစရာမရှိ၊ ပြီးပြည့်စုံတဲ့ အဆောင်အယောင်တွေ၊ဂုဏ်ဒြပ်တွေနဲ့အထင်ကြီးလေးခံစားခံရတဲ့မိသားစုပေါ့။သမီးဖြစ်သူကျွန်မကိုရောလိုလေးသေးမရှိထားနိုင်တယ်။ပြီးတော့ဆေးတက္ကသိုလ်ဆိုတဲ့နေရာကိုသူတို့ရောက်အောင်ပို့ပေးထားတာပဲကြည့်တော့လေ။ဒါပေမယ့်အိမ်မှာဆိုစကားသေးသေးလေးတစ်ခွန်းကအစအကျအနကောက်မှုတွေ၊အထအနကောက်ပြီးရန်ဖြစ်ကြတာတွေ၊ပြီးတော့စကားများတိုင်းပစ္စည်းတွေကိုထုပေါက်တာ၊ရိုက်ခွဲပစ်တဲ့အသံတွေကိုတော့ ပတ်ဝန်းကျင်က မကြားဘူးလေ။ အတူတူစားရတဲ့ညစာထမင်းဝိုင်းမှာ စကားတစ်ခွန်းမှမပြောကြဘဲစားရတဲ့ထမင်းဝိုင်းအကြောင်းတွေကိုကျွန်မဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ဘူး။ ပြောပြရရင်ရော ယုံကြပါ့မလား။ ပြောပြရရင် ကျွန်မကို နားလည်ပေးမှာလား၊ ဒါမှမဟုတ် ကျွန်မကို နှိမ်ဖို့ခုဖို့ အသုံးချကြမှာလား ။ အို…. တွေးရခက်ပါတယ်လေ။

၅။ ခုရက်ပိုင်း ဂရေ့ဘာဖြစ်နေတာလဲတဲ့။ သူငယ်ချင်းတွေက မေးကြတယ်။ တချို့က “ခေါ်မကြား အော်မကြား”လို့တောင်စကြတယ်။ကျွန်မလည်းကျွန်မအတွေးနဲ့ ကျွန်မ နစ်မြုပ်နေမိတယ်ပြောရမယ်။ ညကမေမေနဲ့ဖေဖေတို့စကားများရန်ဖြစ်ကြတယ်။အပြန်အလှန်အချေအတင်စကားပြောသံတွေကြားနေခဲ့ရတယ်။ သူတို့မှာလည်း သူတို့ခံစားချက်တွေ၊ ပြသနာတွေရှိမှာပဲ။ ကျွန်မနားလည်တယ်။ ဖေဖေ့မှာလည်း ဖေ့ဖေ့အလုပ်က အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေရှိနေမှာ။ ကျွန်မသိတာပေါ့။ သူ အိမ်ပြန်လာရင် သူ့အိမ်လေးဟာ သူ့အတွက် ငြိမ်ချမ်းနယ်မြေလေး ဖြစ်စေချင်မှာပဲ။ မေမေ့အတွက်ကရော။မေမေ့မှာလည်းသူလုပ်နေရတဲ့အိမ်မှုကိစ္စဝတ္တရားတွေ၊စီမံခန့်ခွဲရတာတွေ၊မိသားစုကိုနွေးထွေးအောင်ပြုမူစောင့်ရှောက်ရတာတွေရှိမှာပေါ့။မေမေ့မှာလည်း သူရဲ့ပင်ပန်းမှုတွေ၊ အားထုတ်မှုတွေအတွက်အသိအမှတ်ပြုခံရမှုလိုချင်ရှာမှာပဲ။သူတစ်နေ့တာကိုသူဝေမျှပြောပြချင်ရှာမှာပဲ။ ကျွန်မမှာရော။ ကျွန်မမှာလဲ ကျွန်မရဲ့ကျောင်းက တစ်နေ့တာ အကြောင်းတွေ၊ ရင်ဆိုင်နေရတဲ့ ပြသနာလေးတွေအကြောင်း ဖေဖေတို့ မေမေတို့နဲ့ ပြောပြတိုင်မင်ချင်မိတဲ့အချိန်တွေရှိတာပေါ့။ ဒါကိုဖေဖေနဲ့မေမေသိရင်ကောင်းမှာပဲလို့တွေးမိတယ်။ ခုရက်ပိုင်း အိမ်မှာ မေမေနဲ့ဖေဖေစကားများတိုင်း ကျွန်မမှာ ပြေးစရာမြေမရှိသလိုခံစားရတယ်။ ကိုယ်လည်းဘာမှ မကူညီပေးနိုင်သလို သူတို့အဲ့လိုဖြစ်နေတာကြီးကိုလည်း ကျွန်မ မခံစားနိုင်ဘူး။ ဘာလုပ်လို့ရရင် ကောင်းမလဲလို့ အမြဲတွေးနေမိတယ်။

၆။ Social Media သုံးနေရင်းနဲ့ A Safe Place for Changeဆိုတာလေး တွေ့လိုက်မိတယ်။ Counseling Service ပေးတဲ့ နေရာလေးတစ်ခုအကြောင်းနဲ့ သူတို့တင်ထားတဲ့ Emotional Tankဆိုတဲ့အကြောင်း Videoလေးတစ်ခုကြည့်မိရင်း ကျွန်မ သူတို့နဲ့ဆက်သွယ်ဖို့ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးတော့ ကျွန်မပြောသမျှ အကြောင်းအရာတွေကို Judgement မပေးဘဲနဲ့ ကျွန်မကို အရှိကိုယ်အရှိအတိုင်း လက်ခံပေးမယ့်နေရာလေးတစ်ခုကို ကျွန်မတွေ့လိုက်ရပြီ။ ကျွန်မဘယ်ကလာတယ်၊ ဘယ်သူ့သားသမီးပါဆိုတဲ့ သတ်မှတ်ချက်တွေကို မကြည့်ဘဲ၊ ကျွန်မကို လူသားတစ်ယောက်အဖြစ်နဲ့ အရှိအတိုင်း လက်ခံနားထောင်ပေးမယ့်နေရာလေးပေါ့။ ကျွန်မ ရင်ဖွင့်ခွင့်ရခဲ့တယ်။ ပြသနာတွေပြေလည်သွားတာမဟုတ်ပေမယ့် အနည်းဆုံးတော့ ကျွန်မရဲ့ခံစားချက်တွေကို လေးလေးစားစားနဲ့ ဂရုတစိုက်နားထောင်ပေးတယ်ဆိုတဲ့ခံစားချက်ကလေးကို ကျွန်မရခဲ့တယ်။

၇။ Counseling Sessionလေးပြီးတော့ Counselor ကိုနှုတ်ဆက်ပြီး အခန်းထဲကနေ ကျွန်မထွက်လာခဲ့တယ်။ ပထမဆုံးအကြိမ်ဆိုပေမယ့် ဒီ အချိန်အတွင်းမှာပဲ ကျွန်မရင်ထဲက ခံစားချက်တွေကို အထိုက်အလျှောက် ကျွန်မနားလည်နိုင်ခဲ့တယ်။ အပြန် City Martမှာ ဝင်ပြီး မေမေကြိုက်တတ်တဲ့ ပန်းသစ်တော်သီးလေးနဲ့ ဖေ့ဖေ့အကြိုက် စပျစ်ဝိုင်လေး ဝင်ဝယ်ခဲ့တယ်။ ပုံမှန်ပြန်ရောက်ချိန်ထက် နည်းနည်းနောက်ကျပြီးမှအိမ်ကိုရောက်တယ်။ အိမ်ထဲကို ဝင်ဝင်ချင်းပဲ Puppyလေးက အပြေးအလွှား လာကြိုရှာတယ်။ ဧည့်ခန်းထဲမှာ ဖေဖေနဲ့ မေမေက စကားပြောရင်း ကျွန်မကိုစောင့်နေကြတာထင်တယ်။ ဖေဖေက ပြောတယ်။ “သမီးနဲ့အတူ ထမင်းစားဖို့စောင့်နေကြတာ”တဲ့။ မေမေက “သမီးလေး ရေချိုး အဝတ်အစားလဲပြီးဆင်းခဲ့နော်။ မေမေ ဟင်းတွေနွှေးထားမယ်”တဲ့။

Daniel Hein

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading