ညနေခင်းရဲ့ နေရောင်ဖျော့ဖျော့က ဆိုင်အပြင်ဘက် ကို မှိန်ပျပျကျရောက်နေတယ်။
လက်ဖက်ရည်ဆိုင်ထဲမှာတော့ ပုံမှန်အတိုင်းပန်းကန်ချင်း ရိုက်ခတ်သံ၊ လူတွေရဲ့ ဟက်ဟက်ပက်ပက် ရယ်သံနဲ့ အော်ဟစ်မှာယူနေတဲ့ အသံတွေက ဆူညံပွက်လောရိုက်လို့။
စားပွဲပေါ်က လက်ဖက်ရည်ခွက်ထဲက အငွေ့တွေကတော့ တဖြည်းဖြည်း ငြိမ်သက်သွားပြီး အအေးဓာတ်က ခွက်နှုတ်ခမ်းဆီ ကူးစက်နေပြီ။
ဒီလို ဆူညံမှုတွေကြားထဲမှာမှ… ကျွန်တော် သတိပြုမိတဲ့ တိတ်ဆိတ်မှု တစ်မျိုး ရှိနေတယ်။ အဲဒါက ဘေးပတ်ဝန်းကျင်ကလာတဲ့ တိတ်ဆိတ်မှုမျိုးမဟုတ်ဘဲ ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်းဆီက ထွက်ပေါ်နေတဲ့ တိတ်ဆိတ်မှုပါ။
သူဟာ ခဏအကြာကအထိ အားပါးတရ ရယ်မောနေခဲ့သူပါ။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ ငြိမ်ကျသွားတယ်။ ပြီးတော့ လေသံတိုးတိုးနဲ့ မေးခွန်းတစ်ခုကို မေးပြီး ငြိမ်သက်မူကို ပစ်ခွဲလိုက်တယ်။
“Trauma ဆိုတာကလေ… တကယ်ရော သက်သာနိုင်ပါ့မလား?”
မေးခွန်းက တိုတိုလေးပါ။ ဒါပေမဲ့ အဲဒီမေးခွန်းရဲ့ နောက်ကွယ်မှာ နှစ်ပေါင်းများစွာ ပုန်းအောင်းတဲ့ နာကျင်မှုတွေ ကပ်ပါလာတာကို ကျွန်တော် ခံစားလိုက်ရတယ်။ အဲဒီခဏမှာပဲ ဆိုင်ထဲက ဆူညံသံတွေဟာ ရေဒီယိုတစ်လုံး ကို အသံလျှော့လိုက်သလို ရုတ်တရက် တိုးတိတ်သွားတယ်။ သူနဲ့ ကျွန်တော်တို့နှစ်ယောက် ပဲ ကမ္ဘာတစ်ခုထဲမှာ သီးခြားဖြစ်သွားသလိုမျိုးဖြစ်သွားတယ်။
ကျွန်တော် ချက်ချင်း အဖြေမပေးဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမေးခွန်းဟာ အသိပညာကို တောင်းဆိုနေတာမဟုတ်ဘူး။
“ငါ့ဘဝ ရှေ့ဆက်လို့ရပါဦးမလား” ဆိုတဲ့ မျှော်လင့်ချက်ကို ရှာဖွေနေတာ။
“ဘယ်လိုတွေ ခံစားနေရလို့လဲ?” လို့ ကျွန်တော် ခပ်အေးအေးပဲ ပြန်မေးလိုက်တယ်။
သူက “ဟက်” ကနဲ ခါးသက်သက်ကလေး တစ်ချက်ပြုံးတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေထဲမှာတော့ မရယ်နိုင်သေးတဲ့ အတိတ်ရဲ့ အရိပ်အယောင်တွေက အထပ်ထပ်။
“တခါတလေ… ဘာအကြောင်းရင်းမှမရှိဘဲ ထိတ်ခနဲ ကြောက်လာတယ်။ တစ်ခုခုကို ကြားလိုက်ရုံ၊ မြင်လိုက်ရုံနဲ့ နှလုံးခုန်သံတွေက ထိန်းမရအောင် မြန်လာတယ်။ တချို့ညတွေမှာ အတိတ်က အဖြစ်အပျက်တွေက အခုလေးတင် ဖြစ်ပျက်နေသလိုမျိုး ပြန်ပြန်လာတတ်တယ်…”
သူ မပြောဘဲ ချန်ထားခဲ့တဲ့ စကားလုံးတွေရဲ့ နာကျင်မှုကိုတောင် ကျွန်တော် ကြားနေရသလိုပဲ။
ကျွန်တော် သူ့ကို တရားမဟောဘူး၊ အကြံဉာဏ်တွေ အတင်းမပေးဘူး။
မင်းလုပ်နိုင်ပါတယ်လို့လည်း အားမပေးဘူး။ နားပဲ ထောင်ပေးနေလိုက်တယ်။
တခါတလေမှာ အနာကျက်ဖို့ ဆိုတာ ဒဏ်ရာကို ဆေးထည့်တာထက်၊ အဲဒီဒဏ်ရာရှိနေတာကို အသိအမှတ်ပြုပေးပြီး ဘေးမှာ အတူတူထိုင်ပေးတာက ပိုပြီး ထိရောက်တယ်ဆိုတာ ကျွန်တော်သိတယ်။
“သက်သာနိုင်ပါတယ်…” လို့ ကျွန်တော် ပြောလိုက်တော့ ၊ သူ အောင့်ထားတဲ့ အသက်ရှူသံကို ဖြည်းဖြည်းချင်း လွှတ်ချလိုက်သလိုပဲ ပခုံးသားတွေ နည်းနည်း လျော့ကျသွားတာ သတိထားမိတယ်။
ဒါပေမဲ့ ….. ကျွန်တော် ဆက်ပြောလိုက်တယ်
“ဒါပေမဲ့ အဲဒါက မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်တာမျိုးတော့ မဟုတ်ဘူး။ စိတ်ဒဏ်ရာ (Trauma ) ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရေးထွင်းထားတဲ့ အမာရွတ်တစ်ခုလိုပဲ။ ဖျက်လို့မရဘူး။ ဒါပေမဲ့ အဲဒီအမာရွတ်က ကိုယ့်ကို ထိန်းချုပ်နေတဲ့ အင်အားကိုတော့ လျှော့ချလို့ရတယ်။ အဲဒီနာကျင်မှုနဲ့အတူတူ ယှဉ်တွဲပြီး ငြိမ်းချမ်းအောင် နေတတ်လာတာကို ဆိုလိုတာ။”
ကျွန်တော် လက်ဖက်ရည်တစ်ငုံ သောက်လိုက်တယ်။ အနွေးဓာတ်က ရင်ထဲအထိ စိမ့်ဝင်သွားသလိုပဲ။
“ကိုယ့်ရဲ့ ဦးနှောက်က လမ်းကြောင်းအသစ်တွေ (Neuroplasticity) ဖန်တီးနိုင်စွမ်းရှိတယ်။ နာကျင်မှုကိုပဲ ထပ်ခါတလဲလဲ ပြန်တွေးနေရင် အဲဒီနာကျင်မှုလမ်းကြောင်းက ပိုခိုင်မာလာတာပေါ့။ ဒါပေမဲ့ ကိုယ်က နေ့သစ်မှာ ကိုယ် စိတ်ဝင်စားတာတွေ၊ အာရုံစိုက်မှုတွေ၊ ကြည်နူးမှုတွေကို နည်းနည်းချင်း ထည့်ပေးသွားရင် ဦးနှောက်က လမ်းကြောင်းအသစ်တွေ ထပ်ဖန်တီးလာလိမ့်မယ်။”
သူက လက်ဖက်ရည်ခွက်ကို လက်နဲ့ အသာအယာ ပွတ်သပ်ရင်း တိုးတိုးလေး မေးရှာတယ်။
“ဒါဆို… ငါ တကယ်ကြီး ပြန်ကောင်းလာနိုင်မှာလား?”
“ကောင်းနိုင်တာပေါ့… ဒါပေမဲ့ တစ်ညတည်းနဲ့တော့ မဟုတ်ဘူး။ တစ်လှမ်းချင်းပဲသွားရမှာ။”
“Healing ဆိုတာ ဘာလဲ?”
မနေ့ကထက် ဒီနေ့မှာ နည်းနည်းလေး ပိုတည်ငြိမ်လာတာ။
အတိတ်က အသံတွေကြားရပေမယ့် အရင်လို အလန့်တကြား မဖြစ်တော့တာ။
ကိုယ့်ကိုယ်ကို အပြစ်တင်မယ့်အစား အနားယူဖို့ ခွင့်ပြုတတ်လာတာ။
ဒါတွေအားလုံးက အနာကျက်ခြင်းရဲ့ ခြေလှမ်းတွေပါပဲ။ Healing ဆိုတာ မမြင်ရတဲ့အနာကျက်တာ။
လက်ဖက်ရည်ဆိုင်ထဲမှာ လူသံတွေ ပြန်စည်ကားလာပြီ။ ဆိုင်အပြင်မှာ မိုးဖွဲဖွဲလေး စကျလာတယ်။ ကားသံတွေ၊ လူတွေရဲ့ သွားလာလှုပ်ရှားသံတွေက ပုံမှန်အတိုင်းလည်ပတ်နေပေမယ့် ကျွန်တော်တို့ စားပွဲဝိုင်းလေးထဲမှာတော့ “နားလည်မှု” ဆိုတဲ့ အလင်းရောင်လေးတစ်ခု လင်းလာသလိုပဲ။
“ငါ… ဘယ်တော့မှ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့တာ” လို့ သူက ဆိုတယ်။
ကျွန်တော်က အသာပြုံးပြီး ပြန်ပြောလိုက်တယ်။
“ဟုတ်တယ်… တချို့လူတွေက အရင်နေရာကို ပြန်မသွားကြဘူး။ ဒါပေမဲ့ သူတို့က အရင်ထက် ပိုခိုင်မာတဲ့၊ ပိုပြီး ကြင်နာတတ်တဲ့၊ ပိုပြီး နက်ရှိုင်းတဲ့ လူသစ်တစ်ယောက်အဖြစ် ရှေ့ဆက်သွားတတ်ကြတယ်။”
လက်ဖက်ရည်ဆိုင်ထဲမှာ မေးခဲ့တဲ့ မေးခွန်းတစ်ခုက ကမ္ဘာကြီးကို မပြောင်းလဲနိုင်ပေမယ့်၊ စိတ်ပျက်နေတဲ့ လူတစ်ယောက်ရဲ့ လမ်းကြောင်းကိုတော့ ပြောင်းလဲပေးနိုင်ပါတယ်။
“Trauma က သက်သာနိုင်လား?”
အဖြေကတော့… “သက်သာနိုင်ပါတယ်”။
ဒါပေမဲ့… အလျင်မလိုပါနဲ့။ ကိုယ့်ကိုယ်ကိုအချိန်ပေးပြီး အေးအေးဆေးဆေး တစ်လှမ်းချင်းပဲ သွားကြတာပေါ့။
ခင်မင်လေးစားစွာဖြင့်
အောင်မင်းသိန်း
