ရေခဲသေတ္တာထဲက မိန်းကလေး

စာရေးသူ – Summer

နွေး ရေခဲသေတ္တာထဲမှာနေလာတာ နွေးဘဝ တသက်တာပဲ။ အေးစက်တယ် မှောင်မဲတယ် လူမမြင်ကွယ်ရာ အအေးခန်းတခုထဲမှာပေါ့။နွေးကိုယ်တိုင်လဲ နာမည်က နွေးဆိုပေမယ့် မနွေးထွေးနေဘူး။ အေးစက်စက်ပဲ.. ငယ်ငယ်ထဲက အေးစက်စက်ပဲ ကြုံလာခဲ့တော့ ဒါကိုပဲ သင်ယူလာခဲ့တာလေ။ နွေး ဘယ်လို နွေးထွေးရမယ်ဆိုတာကို မသိဘူး။ လူတွေအမြင်မှာ နွေးဟာ အစစအရာရာ အဆင်ပြေနေတယ် ပျော်နေတဲ့ပုံပေါက်တယ် စိတ်ညစ်တယ်ဆိုတာကို မသိဘူးလို့ထင်ကြတယ်။ ဒါပေမယ့် နွေး ရေခဲသေတ္တာထဲမှာ နေတာကိုတော့ ဘယ်သူမှမသိကြဘူး။ နွေးရဲ့ အိမ်ဟာ ရေခဲသေတ္တာကြီးလိုပဲ အေးစက်တယ်။ အဖေဟာ သမီးမိန်းကလေးတွေရဲ့ အချစ်ဦးလို့ ပြောကြပေမယ့် နွေးအတွက်တော့ အဖေဟာ ရေခဲသေတ္တာပဲ။ သမီးအပေါ်မှာ အေးစက်တယ် မာကျောတယ် ဝေးကွာနေတယ်ဆိုတဲ့ ခံစားချက်တွေပဲ ပေးခဲ့တယ်။ တရုတ်မိသားစုမှာ သားယောကျာ်းလေးဟာ အရေးပါသလောက် သမီးမိန်းကလေးတွေကတော့ မီးဖိုချောင်မှာပဲနေရမယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆကြီးကလဲ အဖေ့ဆီမှာ ရှိနေလေတော့ နွေးအတွက် ဒီရေခဲသေတ္တာထဲမှာ လူမမြင် သူမမြင် မှောင်မဲလို့ပေါ့။ နွေးဟာ invisible ဖြစ်နေခဲ့တယ်။ အဖေမကြိုက်တာကို နွေးနွေးလုပ်မိရင် ရေခဲသေတ္တာကြီးက ပိုတိတ်ဆိတ်သွားတယ် မှောင်မဲသွားတယ် အအေးဒီဂရီတွေ တရိပ်ရိပ်တိုးသွားတယ်။ အဖေ့ရဲ့ လက်သုံး punishment ဟာ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခြင်းမဟုတ်ရင် ဆန့်ကျင်ဖက်ဖြစ်တဲ့ တိတ်ဆိတ်ခြင်း silent treatment ပဲဖြစ်တယ်။ ဒီအစွန်း၂ဖက်ကြားမှာ နွေးနွေးက တဖက်စွန်းတွေဆီ ယိမ်းထိုးသွားလိုက် ကြိုးတန်းအလယ်မှာ အသက်အောင့်ပြီး လျှောက်ဖို့ ကြိုးစားလိုက်နဲ့ နေလာခဲ့တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ နွေးကိုယ့်ဟာကိုယ်လဲ ငါက အေးစက်တယ်။ ငါ လူရှေ့သူရှေ့မှာ ဦးဆောင်နိုင်တဲ့သူ မဟုတ်ဘူး။ ငါဟာ တိတ်ဆိတ်နေမှ လုံခြုံမယ်ဆိုတာတွေကို ယုံကြည်လာခဲ့တယ်။ ဘေးပတ်ဝန်းကျင်ကလူတွေက နွေးအပေါ် နွေးနွေးထွေးထွေး ဆက်ဆံလာပေးရင် နွေးတယောက် အတွေးတွေ လွန်လာတယ်။ သူ ငါ့ဆီက ဘာလိုချင်လို့လဲ..ဒီလိုကြီး နီးနီးကပ်ကပ်နေလာတာ ငါ့အတွက် အဆင်မပြေနေဘူးဆိုပြီး လူတွေကို တွန်းထုတ်တတ်တယ်။ ဒီလိုနဲ့ နွေးဟာ တယောက်ထဲ ရေခဲသေတ္တာထဲမှာ အေးခဲသထက် အေးခဲလာတယ်။ 

အေးခဲတဲ့နေ့ရက်တွေထဲမှာ အဖေရဲ့ မိန်းကလေးက စာတတ်ရင် တော်ပြီ..ဘွဲ့ရအောင် ကျောင်းထားပေးတာပဲ လွန်လှပြီဆိုတဲ့ စကားတွေကိုကျော်လွန်ပြီး နွေးတယောက် အဖေနဲ့ အတိုက်ခံတွေဖြစ်ပြီး သူသင်ချင်တဲ့အရာတွေကို လေ့လာသင်ယူခဲ့တယ်။ ကြိုးစားခဲ့တယ်။ အမြဲတမ်း တယောက်ထဲနေလာခဲ့တဲ့ နွေး.. လူတွေနဲ့ တွေ့ရမှာ ကြောက်တဲ့နွေးအတွက် အစစအရာရာဟာ ခက်ခဲနေခဲ့တယ်။ သူများအတွက် လွယ်ပေမယ့် နွေးအတွက်တော့ ခြေတလှမ်းဆိုတာ အတော်အားယူခဲ့ရတယ်။ လူတွေရှေ့မှာ စကားတခွန်းထွက်ဖို့ အတော်ကြိုးစားခဲ့ရတယ်။ 

ဒီလိုနဲ့ လေ့လာသင်ယူမှုတွေကနေ၊ ကိုယ်နဲ့ ကြုံဆုံလာတဲ့ထဲမှာ စိတ်နှလုံးချင်းနီးစပ်သူတွေကနေ၊ ကိုယ့်ရဲ့ small wins big wins လေးတွေကနေတဆင့် နွေးဟာ ကိုယ့်ဟာကိုယ် တဖြည်းဖြည်း ယုံကြည်လာတဲ့နောက်မှာ..

ဒီအေးခဲတဲ့ နေ့တွေ ရက်တွေ နှစ်တွေကို ကြံ့ကြံ့ခံလာတာဟာ နွေးရဲ့ နှလုံးသားထဲမှာ နွေးထွေးတဲ့ အလင်းဓာတ်လေး မီးတောက်လေးတခုရှိတယ်ဆိုတာကို မြင်လာခဲ့တယ်။ ငါက ဒီလိုလေး နွေးထွေးတတ်ပါလား ဒီလိုလေး ပျော်တတ်ပါလား နှလုံးသားချင်းနီးစပ်တွေလူတွေကြားမှာလဲ ငါဟာ လုံခြုံပါလားလို့ တဖြည်းဖြည်း ယုံကြည်လာခဲ့တယ်။ 

နွေးရဲ့ဘဝထဲမှာ ရေခဲသေတ္တာကြီးကတော့ ရှိနေတုန်းပါပဲ။ သူ့ function အတိုင်း အေးစက်နေတုန်းပါပဲ။ ဒါ သူ့ system ကိုး။ အရင်ကတော့ ဒါကို မသိလို့ အရမ်းချမ်းတုန်လာတဲ့ခါ မတရားဘူးလို့ screaming တွေလုပ်ခဲ့ဖူးတယ်။ ဘယ်လောက်အော်အော် ဘယ်သူမှ မကြားနိုင်ခဲ့ဘူး။ နွေးပဲ အားကုန်သွားခဲ့တယ်။ 

ဒါပေမယ့် ခုတော့ အော် ဒီရေခဲသေတ္တာကြီး သူ့အကြောင်းတွေနဲ့သူ အေးခဲနေပြီး.. ငါကလဲ ငါ့ပင်ကိုယ် ဒီလိုအနွေးဓာတ်လေးရှိပါလားလို့ သူနဲ့ကိုယ် ခွဲခြားပြီး မြင်လာခဲ့တယ်။ အရာအာလုံးဟာ ကိုယ့်ရဲ့အတွင်းကပဲ စသလို ကိုယ်ရှာနေတာတွေ အားလုံးဟာလဲ ကိုယ့်ရဲ့အတွင်းထဲမှာပဲရှိိတယ်။ ကိုယ့်ဟာကိုယ် မှန်မှန်ကန်ကန်ချစ်တတ်တဲ့သူတယောက်ဟာ သူများကိုလဲ တကယ်ချစ်ပေးတတ်တယ်။ ကိုယ့်ဟာကိုယ် ချစ်ပြီး တာဝန်ယူတတ်တဲ့သူဟာ သူ့နာကျင်မှုတွေကို ကိုယ်တိုင်ပဲ ကုစားတယ်။ လက်ဆင့်ကမ်းနာကျင်ခြင်းတွေ မလုပ်တော့ဘူး။ ကုစားရတဲ့ ခရီးလမ်းက ရှည်လျားပါတယ်။ တရက် တပတ်နဲ့ ဒီဒဏ်ရာတွေ ရလာတာ မဟုတ်သလို တရက် တပတ်နဲ့ ကုစားခြင်းတွေကလဲ မပြီးစီးပါဘူး။ Healing is relearning security in the body တဲ့။ နွေးကိုယ်တိုင် ချမ်းလို့ တုန်ရီနေတဲ့ နေ့ရက်တွေမှာလဲ စိတ်ရှည်ခြင်း ကရုဏာဖြစ်ခြင်း ဖေးမခြင်းတွေနဲ့ ကိုယ့်နှလုံးသားကို အနွေးဓာတ်တွေ ပေးလာနိုင်တဲ့ခါ..

နှစ်ပေါင်း ၄၀ နီးပါး အအေးခန်းထဲမှာ ပိတ်မိနေတဲ့ အေးခဲနေတဲ့ နွေးနွေးရဲ့ အော်သံတွေဟာ..

တစ်ရက်ထက် တစ်ရက်..
တိုးတိတ်လာပါတော့တယ်။ 

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading