စာရေးသူ – Amara J
စာရေးသူ၏ အမှာစာ
ကျွန်မတို့ အားလုံးဟာ အပြင်ပန်းမှာတော့ ပြုံးရွှင်နေကြပေမဲ့ ရင်ထဲမှာတော့ တစ်ယောက်တစ်မျိုးစီသော ဆူးတွေကို သိမ်းဆည်းထားတတ်ကြပါတယ်။ တချို့ကလည်း အဲ့ဒီဆူးတွေနဲ့ သူတစ်ပါးကို ထိုးနှက်တယ်၊ တချို့ကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိုးနှက်ရင်း နာကျင်မှုကို ခံစားကြရပါတယ်။ ဒီဇာတ်လမ်းက ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမြဲ မြင်တွေ့နေရတတ်တဲ့ မိသားစု ဇာတ်လမ်းတွေ၊ လူသားတွေရဲ့ အတွင်းစိတ် ပဋိပက္ခတွေကို အခြေခံပြီး ပုံဖော်ထားတာပါ။ တစ်ခါတရံမှာ ဆိုးပါတယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း အခက်ခဲဆုံး အတိတ်တွေ ရှိနေတတ်သလို၊ အကောင်းဆုံးဆိုတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာလည်း သည်းမခံနိုင်လောက်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတတ်ပါတယ်။
ဒီစာအုပ်ထဲက “သဉ္ဇာ” ဆိုတဲ့ မိန်းကလေးဟာ ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေ့တိုင်းတွေ့နေရတဲ့ လူတွေထဲက လူတစ်ယောက်ပါပဲ။ အမှားတွေ လုပ်ခဲ့ဖူးတယ်၊ အမုန်းတွေနဲ့ တံတိုင်းကာခဲ့ဖူးတယ်၊ ပြီးတော့ အဲ့ဒီအမှားတွေအတွက်ပဲ ကိုယ့်ရဲ့စိတ်ကိုယ် ပြန်လည် အကျဉ်းချထားမိနေပြီး ပိတ်မိနေခဲ့သူပါ။ ဒီဝတ္ထုဟာ လူတစ်ယောက်ရဲ့ အမှားတွေကို ဝေဖန်ဖို့၊ ကဲ့ရဲ့ဖို့၊ ဖုံးကွယ်ဖို့ ရေးထားတာ မဟုတ်ပါဘူး။ အဲ့ဒီအမှားတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့နဲ့၊ နာကျင်နေတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လို ပြန်လည် ကုစားမလဲဆိုတာကို အတူတူ လျှောက်လှမ်းကြည့်ဖို့ ရေးသားထားတာ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ အပြုအမူတွေဟာ ကောင်းကင်က ပြုတ်ကျလာတာ မဟုတ်ပါဘူး။ ငယ်စဉ်ဘဝက ရရှိခဲ့တဲ့ အချစ်၊ အမုန်းနဲ့ ဂရုစိုက်မှု ပုံစံတွေဟာ ကျွန်မတို့ရဲ့ လူကြီးဘဝကို ပုံဖော်ပေးလိုက်တာပါ။ “ဘာလို့ ငါ ဒီလိုဖြစ်နေရတာလဲ?” ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ တစ်ခါတလေ ကျွန်မတို့ မေ့ထားချင်တဲ့ အတိတ်တွေထဲမှာ ရှိနေတတ်ပါတယ်။
ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါမှာ စာဖတ်သူတို့ရင်ထဲမှာ ရှိနေတဲ့ ဆူးတွေကိုလည်း မိမိကိုယ်ကိုယ် ခွင့်လွှတ်ခြင်းဆိုတဲ့ tool နဲ့ တစ်ခုချင်း ချွတ်ပစ်နိုင်ဖို့ မျှော်လင့်မိပါတယ်။ အတိတ်ကို ပြောင်းလဲလို့ မရနိုင်ပေမဲ့ အတိတ်အပေါ် ထားရှိတဲ့ ကျွန်မတို့ရဲ့ “အမြင်” ကိုတော့ ပြောင်းလဲလို့ ရပါတယ်။ ဒီစာအုပ်လေးက စာဖတ်သူတို့အတွက် အလင်းရောင်လေးဆီ လျှောက်လှမ်းသွားနိုင်ဖို့ တံတားလေးတစ်ခု ဖြစ်ပါစေလို့ ရည်ရွယ်လျက်…။
Amara J
Trigger Warning!
ဒီဝတ္ထုလေးမှာ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုအခန်းအချို့ပါဝင်တဲ့အတွက် ဒီစာအုပ်လေးကို ဖတ်နေရင်းနဲ့ trigger တွေ ပေါ်လာတာမျိုး၊ အရမ်းဝမ်းနည်းလာတာမျိုး၊ ရင်တုန်ခြင်း၊ အသက်ရှူကျပ်ခြင်း သို့မဟုတ် စိတ်မသက်မသာ ဖြစ်ခြင်းများ၊ မွန်းကျပ်သလိုဖြစ်ခြင်းများ ကြုံတွေ့လာပါက ဒါလေးတွေလုပ်လို့ ရပါတယ်နော်။ မိမိတို့ရဲ့စိတ်ကို grounding လုပ် ပေးနိုင်တဲ့နည်းလမ်းလေးတွေဖြစ်လို့ နှစ်သက်ရာကို အသုံးပြုလို့ရပါတယ်။ စာဖတ်ခြင်းကို ခေတ္တရပ်နားပြီး သင့်စိတ်ကို ပစ္စုပ္ပန်သို့ ပြန်လည်ခေါ်ဆောင် နိုင်စေဖို့အတွက် အောက်ပါ Grounding နည်းလမ်းများကို အသုံးပြုနိုင်ပါတယ် –
၁) ရုပ်ပိုင်းဆိုင်ရာ Grounding (Physical Techniques)
ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုကို အသုံးချပြီး “ငါ အခု ဒီနေရာမှာ ရှိနေတယ်” ဆိုတာကို ဦးနှောက်က သိအောင် လုပ်တာပါ။
ခြေဖဝါးကို အာရုံစိုက်ခြင်း
ဖိနပ်ကိုချွတ်ပြီး ခြေဖဝါးနဲ့ ကြမ်းပြင် ထိတွေ့နေတာကို ခံစားပါ။ ခြေချောင်းလေးတွေကို ကုတ်လိုက်၊ ပြန်ဖြန့်လိုက် လုပ်ကြည့်ပါ။ ကြမ်းပြင်ရဲ့ မာကျောမှုက သင့်ကို ထိန်းမတ်ပေးထားတယ်လို့ ခံစားပါ။
အရာဝတ္ထုတစ်ခုကို ဆုပ်ကိုင်ခြင်း
အနီးအနားက ခိုင်မာတဲ့ အရာတစ်ခု (ဥပမာ- ကျောက်ခဲ၊ သော့တွဲ၊ ဒါမှမဟုတ် စာအုပ်) ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပါ။ ၎င်းရဲ့ အပူအအေးနဲ့ အလေးချိန်ကို အာရုံစိုက်ပါ။
ရေအေးဖြင့် မျက်နှာသစ်ခြင်း
ရေအေးအေးနဲ့ မျက်နှာသစ်တာ (သို့မဟုတ်) ရေခဲတုံးလေးတစ်ခုကို လက်ထဲမှာ ခဏကိုင်ထားတာက စိတ်လှုပ်ရှားနေတဲ့ အာရုံကြောစနစ်ကို ချက်ချင်း ငြိမ်သက်သွားစေပါတယ်။
၂) အသက်ရှူခြင်းနည်းလမ်း (Breathing Technique)
စိတ်လှုပ်ရှားတဲ့အခါ အသက်ရှူတာ မြန်လာတတ်ပါတယ်။ ဒါကို ထိန်းချုပ်ဖို့ 3 6 9 Breathing နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
အသက်ရှူသွင်း (၃ စက္ကန့်)
အောင့်ထား (၆ စက္ကန့်)
အသက်ရှူထုတ် (၉ စက္ကန့်)
သတိရပါ။ ။သင်သည် ယခုအခါ လုံခြုံသောနေရာတွင် ရှိနေပြီး ဤသည်မှာ ဇာတ်လမ်းတစ်ခုသာ ဖြစ်ပါသည်။ သင့်စိတ်ကျန်းမာရေးသည် အရာအားလုံးထက် အရေးကြီးပါသည်။
၁။ အဝေးတစ်နေရာက ပြတင်းပေါက်လေး
ဘန်ကောက်မြို့ရဲ့ ကျဉ်းမြောင်းတဲ့ အခန်းလေးထဲမှာ ကျွန်မ တစ်ယောက်တည်း။ စားပွဲပေါ်မှာ တင်ထားတဲ့ ဘောပင်တွေက အစ၊ တစ်ချောင်းနဲ့ တစ်ချောင်း ပြိုင်တူ မကျရင် ကျွန်မ အသက်ရှူရတာ မဝချင်ဘူး။ အဝတ်ဗီရိုထဲက အင်္ကျီတွေကို အရောင်အလိုက်၊ အနားသတ်အလိုက် တိတိကျကျ ခေါက်ထားရမှ ကျွန်မ စိတ်နည်းနည်း အနားရတယ်။ လူတွေက ကျွန်မကို စေ့စပ်တယ်လို့ ပြောကြပေမဲ့၊ တကယ်တော့ ဒါဟာ ကျွန်မရဲ့ မွန်းကျပ်နေတဲ့ စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာ သူတို့ မသိကြဘူး။
လူတွေကပြောကြတယ်…. အမကြီး အမိရာတဲ့….
ဒီစကားကို ကြားရတိုင်း ကျွန်မနာကျင်မှုနဲ့အတူ အမျိုးအမည်မသိတဲ့ ဝေဒနာတွေ စိတ်ထဲမှာ ဖြစ်လာတယ်… ကျွန်မဝမ်းနည်းနေတာလား၊ ရှက်ရွံ့နေတာလား၊ ဒေါသထွက်နေတာလား… ကျွန်မကိုယ် ကျွန်မလဲ သေချာတော့မသိဘူး။
လူတစ်ယောက်မှာ သဘာဝကပေးတဲ့တာဝန်ပဲပြောရမလား၊ မိသားစုမျိုးရိုးစဉ်ဆက်ကပေးတဲ့ တာဝန်လို့ပဲ ပြောရမလား… လူတွေကသတ်မှတ်ထားကြတဲ့ အရာတွေလို့ပဲပြောရမလား…. ဒါမျိုးမှ တော်တဲ့သူ၊ ဒါမျိုးမှ ကောင်းတဲ့သူဆိုတဲ့ အရာတွေရှိကြတယ်လေ…
ကျွန်မကတော့ အဲ့ဒါတွေ… အဲ့ဒီအရာတွေ… တစ်ခုမှမရှိတဲ့ လူတစ်ယောက်ပေါ့…
ဟုတ်တယ်… ကျွန်မက အသုံးမကျတဲ့သူတစ်ယောက်… ကျွန်မက တာဝန်ကျေချင်ပါတယ်လို့ ပြောပြရင်ရော ဘယ်သူတွေက နားထောင်ပေးကြမှာတဲ့လဲ ဘယ်သူတွေက ယုံပေးကြမှာတဲ့လဲ… လောကကြီးက ကျွန်မအတွက်တော့ တစ်ခါတစ်လေလဲ အရွဲ့တိုက်ချင်စရာ… တစ်ခါတစ်လေလဲ အရှုံးပေးချင်စရာ… အမျိုးမျိုးပါပဲ ကျွန်မစိတ်ထဲတော့။
ကျွန်မနာမည်က သဉ္ဇာမြင့်လွင်၊ ဦးမြင့်လွင်ရဲ့သမီးပေါ့… အသက်က ၄၀ရှိပြီး ဘာမှရေရေရာရာ အောင်မြင်တာလဲမရှိဘူး၊ သမီးအကြီးဆုံးဖြစ်ပြီး မိသားစုကိုလဲမထောက်ပံ့နိုင်ဘူး၊ အတ္တကြီးတယ် တစ်ကိုယ်ကောင်းသမား… ဒါ… လူတွေပြောပြောနေကြတဲ့ ကျွန်မရဲ့အကြောင်းပေါ့…. ကျွန်မကိုယ် ကျွန်မလဲသိပါတယ်… ကျွန်မက မကောင်းတဲ့သူမှန်း ဒါ့ကြောင့်လဲ လူတွေနဲ့စပြီးမိတ်ဆက်တဲ့အခါမျိုး ရင်းနှီးတဲ့အခါမျိုးတွေမှာ ဘယ်သူကမှ ကျွန်မကို လာအပစ်မတင်ခင်၊ မကောင်းတဲ့သူလို့ မသတ်မှတ်ခင် ကျွန်မကိုယ်ကျွန်မ မကောင်းတဲ့သူဆိုတာကို အရင်ဆုံးပြောပစ်လိုက်တယ်။ ဒီလိုမှပဲ ကျွန်မစိတ်သက်သာရာ ရတယ်လို့ခံစားရတယ်၊ သူများတွေ ကျွန်မကို အပစ်လာတင်တာမကြိုက်ဘူး ကျွန်မက ကိုယ့်ကိုကိုယ် မသိတဲ့သူမဟုတ်ဘူး… ကိုယ်မကောင်းတာလဲ ကိုယ်သိပြီးသား၊ ဘယ်သူမှ လာဝေဖန်တာ မကြိုက်ဘူး။
၂။ မိသားစုပုံရိပ်
ကျွန်မတို့ မိသားစုမှာ အဖေက အသက်၆၀ကျော်ပြီ အခုထိ အလုပ်လုပ်နေရတုန်း၊ သူရှာကျွေးနိုင်ပါ သေးတယ်ဆိုတဲ့စကားသာပြောနေတာ သူ့ကြည့်လိုက်ရင် ဒူးနာရတာနဲ့ ခါးနာရတာနဲ့ သူ့နားက ဖြတ်သွားလိုက်ရင် အမြဲတမ်း ပရုပ်ဆီနံ့ကတထောင်းထောင်းနဲ့ အစားစားရင်လဲ မြန်လွန်းလို့ မဝါးပဲ မျိုချနေသလားအောက်မေ့ရတယ် ထမင်းစားရင်းနဲ့အလုပ်ဖုန်းတွေလဲ အော်ကြီးဟစ်ကျယ်နဲ့ ပြောနေသေးတာ၊ သူ့အလုပ်ကလဲ ကားသမားတွေကို အုပ်ချုပ်ရတာဆိုတော့ အချိန်တိုင်း ကားအသွင်း အထုတ်မှာ သူ့ခွင့်ပြုချက်လှမ်းယူနေကြတာလေ၊ အလုပ်က ဘယ်လောက်တောင်မအားလဲဆိုရင် အဖေနှလုံးသွေးကြော ပိတ်လို့ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ်ခွဲဆိပ်မှုတွေ လုပ်တုန်းကတောင် ဖုန်းတဂွမ်ဂွမ်က ဆက်ကြသေးတာ။ ဒါကျွန်မကိုယ်တိုင် ကြားရတာတော့လဲ မဟုတ်ပါဘူး.. ကျွန်မရဲ့ ညီမ ယုယမြင့်လွင် ကပြောပြတာ၊ ကျွန်မက အဖေခွဲဆိပ်တဲ့ဆီ သွားလဲမသွားဘူး၊ ကြည့်လဲမကြည့်ဘူး၊ သိတယ်မလား… ကျွန်မက မကောင်းတဲ့သူလေ… အဖေခွဲဆိပ်တာတောင်မှ ၅သောင်းပဲ ပေးနိုင်တဲ့သူ၊ ကျွန်မလို အသုံးမကျတဲ့အမကြောင့်မို့ အမကြီးအမိရာ မပီသတဲ့ ဆိုးသွမ်းတဲ့အစ်မကြောင့်မို့ ကျွန်မ ညီမလေးက ပင်ပန်းနေရတာ၊ အဖေခွဲဆိပ်ခ သိန်း၇၀ကျော်လဲ သူပဲပေးတာ၊ အဖေ့ဆေးရုံလဲ သူပဲ စောင့်တာ၊ သူပဲပြုစုတာ၊ ကျွန်မညီမလေးက အရမ်းတော်တဲ့သူလေ ငယ်ငယ်ထဲက စာလဲအရမ်းတော်တာ၊ မိဘစကားလဲနားထောင်ပြီး အကုန်ဝိုင်းလုပ်ပေးတာ၊ ကျွန်မနဲ့တော့ အကုန်ဆန့်ကျင်ဘက်ပေါ့။ ကျွန်မညီမလေးကို ကျွန်မကျေးဇူးလဲ တင်မိပြီး အရမ်းလဲချစ်တယ်။ ဒါပေမယ့် သူ့ကိုတွေ့တိုင်း ကျွန်မကိုယ်ကျွန်မ ဒေါသအရမ်းထွက်တယ်၊ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ချင်လာမိတယ်၊ ပြီးတော့… ကျွန်မညီမကို ကျွန်မချစ်တယ်ဆိုတာကို စိတ်ထဲမှာပဲ ထားဖြစ်တယ် ပြောပြရင်လဲ လူတွေက ယုံမှာမဟုတ်ဘူးလေ။
၃။ ပြိုလဲသွားတဲ့ အိမ်မက်များ
၂၀၀၉ ခုနှစ်ထဲက ကျွန်မတို့မိသားစု စီးပွားပျက်ပြီး လုပ်ငန်းတွေလဲဆုံးရှုံး အိမ်လဲရောင်းလိုက်ရတာ။ အိမ်ငှါးခအတွက် ကျွန်မညီမလေး ရုန်းကန်နေရတာကို ကျွန်မ မကြည့်ရက်ဘူး.. ဒါ့ကြောင့်မို့ ကျွန်မ ဘယ်အသုံးစရိတ်အတွက်မှ ဘာမှမပေးတာပါ၊ ကျွန်မက တိုက်ခန်းအရစ်ကျဝယ်ဖို့ စုထားတဲ့ငွေလေး ပျောက်ပျက်သွားမှာ အရမ်းကိုကြောက်တာ… အိမ်မရှိတဲ့ဘဝက အရမ်းမွမ်းကျပ်ဖို့ ကောင်းတယ်လေ။
တစ်ကယ်ပါ ကျွန်မကိုယ် ကျွန်မတောင် ဘာမှ မဝယ်စားဘူး၊ ဘာမှလဲမဝယ်ဝတ်ဘူး၊ တစ်ကျပ်တစ်ပြားချင်း ကျစ်ကုတ်ပြီး လူတကာအမုန်းခံပြီး စုထားခဲ့တာ၊ ကျွန်မက ကျွန်မရဲ့ညီမလို လစာလဲမကောင်းဘူးလေ၊ သူက နိုင်ငံခြားကုမ္ပဏီမှာ အလုပ်လုပ်တာ ဆိုတော့ လစာလဲကောင်းတယ်… မိဘအပေါ်ကောင်းလို့လားလဲ မသိပါဘူး… သူအလုပ်ထွက်တာမျိုး၊ အလုပ်အကြောင်းငြီးငြူနေတာမျိုး၊ စိတ်ညစ်နေတာမျိုး တစ်ခါမှကို မတွေ့ဖူးဘူး။ ကျွန်မကတော့ ကျွန်မနဲ့ထိုက်တန်တဲ့ ဘဝမျိုးပဲရတာလေ အမေပြောဖူးသလိုပေါ့ “မိဘမျက်ရည်တစ်စက် သားသမီး တစ်သက်တဲ့” ကျွန်မက ဆိုးသွမ်းပြီး မိဘတွေ မျက်ရည်ကျအောင် အကြိမ်ကြိမ်လုပ်ခဲ့မိတော့ အလုပ်မှာဆိုလဲ အဆင်မပြေဘူး၊ အမြဲတမ်းအတိုက်အခံတွေနဲ့ကြီးပဲ ကြုံနေရတယ်၊ အချစ်ရေးမှာလဲ အဆင်မပြေဘူး၊ ကျွန်မက ကပ်စေးလဲကုပ်တယ်၊ ကျွန်မမိသားစုကိုထိရင်လဲမကြိုက်ဘူး၊ ပြီးတော့ ကျွန်မအနိုင်ရမှကျေနပ်တယ် ဒါ့ကြောင့်လားတော့ မသိပါဘူး ကျွန်မ ရည်းစားရလဲမမြဲဘူး၊ ကျွန်မရဲ့ သံသယဝင်တတ်တဲ့စိတ်နဲ့လဲ ဘယ်ကောင်နဲ့မှ မကိုက်ပါဘူး၊ ကျွန်မက အမေနဲ့သာမတည့်တာ အမေ့လိုမျိုး ယောကျ်ားကို နိုင်တဲ့သူသိပ်ဖြစ်ချင်တာ။
အမေဆိုလို့ ကျွန်မအမေနာမည်က ဒေါ်ဖြူဖြူအောင်၊ အသက်က အဖေ့ထက် ၄နှစ်ကြီးတယ် အခုဆို ၆၈နှစ်ရှိနေပြီပေါ့။ အမေက ကျွန်မကိုဆို ဘယ်တော့မှနားမလည်ဘူး၊ ငယ်ငယ်က မောင်လေးမွေးလာတော့ ၁၉၉၄ခုနှစ် ကျွန်မအသက် ၈နှစ်၊ ကျွန်မညီမလေးက မူကြိုတက်နေတဲ့အရွယ်ပေါ့… အဲ့တုန်းက တစ်ရပ်ကွက်လုံးက အဖေတွေ၊ ယောက်ျားတွေ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတာ ကျွန်မအဖေလဲ အပါအဝင်ပေါ့ မိသားစုကို တင့်တောင်းတင့်တယ်ထားနိုင်ဖို့အတွက် အဖေနိုင်ငံခြားကို ထွက်သွားခဲ့တယ်။ ဒါဟာ… မိသားစု ပြိုကွဲခြင်းရဲ့ အစဆိုတာကိုသာ ကြိုသိခဲ့ရင် ကျွန်မ အဖေ့ကို တားခဲ့မှာပါ… အဖေမရှိတော့ အမေက ကလေး၃ယောက်ကို တစ်ယောက်ထဲ ထိမ်းရတယ်… အမေက ငယ်ငယ်က နူးညံ့ခဲ့သလောက် အဖေမရှိတော့ ဒေါသကြီးလာတယ် ကျွန်မကိုလဲ စိတ်မရှည်တော့ဘူး။ အရင်ကဆို အမေကကျွန်မကို အရမ်းချစ်ခဲ့တာပါ…. ကျွန်မလက်ရေးလှလှလေးတွေ ရေးတတ်အောင်လဲ အမေပဲသင်ပေးခဲ့တာ၊ ထမင်းစားရင် လက်တွေမှာ ထမင်းလုံးလေးတွေ ကပ်မနေအောင် စားရတာ၊ ဝါးတဲ့အခါ ပလပ်ပလပ်မြည်အောင်မဝါးရတာ စသဖြင့်ပေါ့… ဘုရားစာတွေလဲ အမေပဲသင်ပေးခဲ့တာပါ။ အမေပင်ပန်းနေတာကို နားလည်ပေမယ့် ကျွန်မလဲ ကလေးပဲလေ၊ ကျွန်မလဲ အမေ့ကိုလိုချင်တယ်၊ အမေဂရုစိုက်တာခံချင်တယ်၊ အဖေနဲ့အမေနဲ့ တူတူ ၃ယောက်ထဲ ရှိခဲ့တဲ့ဘဝတုန်းကဆို သိပ်ပျော်စရာကောင်းခဲ့တာ၊ အငယ်တွေရောက်လာတော့ အဖေတို့ အမေတို့က ကျွန်မကိုမချစ်တော့ဘူး၊ ကျွန်မက ကျွန်မရဲ့ညီမလိုလဲ စကားမတတ်ဘူးလေ၊ သူကတော့ အရှက်မရှိဘူး ကလေးဆိုတော့ တွေ့တဲ့သူကိုပြုံးပြလိုက် မေမေလျှောက်ခေါ်လိုက်၊ ဗဒင်သီချင်းတွေကို မပီကလာပီကလာနဲ့ အော်ဆိုပြလိုက်….မုန့်ညာစားလိုက်နဲ့ ကျွန်မကတော့ အဲ့လိုမလုပ်နိုင်ဘူး၊ ကျွန်မဘဝမှာ ကျွန်မအမေကလွဲရင် ဘယ်သူ့ကိုမှ အမေလို့ မခေါ်ဘူး…. လုံးဝမခေါ်နိုင်ဘူး…. ကျွန်မအမေက ကျွန်မကို အသေရိုက်တာတောင်မှ ကျွန်မအမေတစ်ယောက်ထဲကပဲ ကျွန်မရဲ့အမေဖြစ်နေတုန်းပဲ…. ဒါကို အမေကတော့ မသိဘူး ကျွန်မရဲ့သစ္စာရှိမှုတွေကို အမေမသိဘူး၊ “ကလေးတွေကိုမထိမ်းရဘူး နင့်ကိုပဲ ထိမ်းနေရတယ်၊ အငယ်တွေက ဘယ်လောက်လိမ္မာလဲ နင်ပဲကြီးမိုက်ဖြစ်နေတာ”… ဒီစကားတွေ အဖန်ဖန်ကြားခဲ့ရတယ်… ဒါပေမယ့် ကျွန်မဂရုမစိုက်ပါဘူး…. ကျွန်မဆိုးတာတစ်ခုခုလုပ်မှ အမေက ကျွန်မကို ရိုက်ပြီးတော့ပဲဖြစ်ဖြစ် အဖက်လုပ်မှာလေ… အမေကဆူနေ ရိုက်နေတဲ့အချိန်တိုင်းမှာ အမေ့ ပါးစပ်ကနေ ကျွန်မနာမည်ကို ခေါ်ပေးတယ်၊ ကျွန်မအကြောင်းကိုပဲပြောတယ်… ကမ္ဘာကြီးမှာ ကျွန်မ ရှိနေတယ်ဆိုတာကို အမေသိသွားတယ်လေ… ဒီအတွက် ကျွန်မအရိုက်ခံရတာ တန်တယ်လို့ ခံစားရတယ်။ အဲ့ဒီအရွယ်ထဲက စလိုက်တာ ကျွန်မရဲ့ သမီးမိုက်နာမည်က အခုထိတွင်ကျန်နေတော့တာပါပဲ။
၄။ ပဲ့တင်ထပ်နေတဲ့အတိတ်
ကျွန်မက အရမ်းစေ့စပ်သေချာတဲ့သူ၊ အမှားဆိုတာ ကျွန်မရဲ့ အဘိဓာန်မှာ မရှိစေရဘူး… ကျွန်မမှားတာ လုံးဝမကြိုက်ဘူး အဲ့လိုပဲ ကျွန်မကို အမှားလာကြူးလွန်ရင်လဲ လုံးဝခွင့်မလွှတ်တတ်ဘူး။ ကျွန်မက ကျွန်မကိုယ်ကျွန်မ စံနှုန်းမြင့်မြင့်ပဲထားတယ်၊ ရည်းစားရွေးတာပဲ ဖြစ်ဖြစ်၊ နာရီဝယ်တာပဲဖြစ်ဖြစ်၊ အကျီဝယ်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲ ဖြစ်ဖြစ်ပေါ့၊ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျပုံစံမျိုး ဝတ်ရတာကို ကြိုက်တယ်၊ ယောကျာ်းဆိုလဲ စနစ်တကျမနေတဲ့သူတွေဆို မကြိုက်ဘူး၊ အလုပ်လုပ်ရင်လဲ အမှားကင်းအောင် perfect ဖြစ်အောင် အမြဲတမ်း စစ်တယ်။ ဒါတွေလဲ အမေပဲလေ့ကျင့်ပေးခဲ့တာပါ၊ အမေက စာတော်တာကို ကြိုက်တယ်၊ အဆင့်၁ရတာကိုကြိုက်တယ်၊ အဆင့်၂ဖြစ်တိုင်း ရိုက်ခံရတယ်၊ ဒါ့ကြောင့် ကျွန်မလဲ အဆင့် ၁ ဘဝ မဖြစ်မှာ perfect မဖြစ်မှာ အရမ်းကြောက်တယ်၊ ဒါ့ကြောင့် ကျွန်မကို ဘယ်သူမှ လာဝေဖန်တာကိုလဲ မကြိုက်ဘူး၊ သူများတွေ လာဝေဖန်ရင် ကျွန်မအရမ်းမုန်းတယ်၊ ဒေါသလဲထွက်တယ်၊ ကျွန်မတန်ဖိုးကို မသိကြတဲ့ သူတွေလို့လဲ ထင်မိတယ်။ ကျွန်မက ကျွန်မရဲ့ ညီမနဲ့ မတူဘူး… သူက ပင်ကိုယ် ဉာဏ်ကောင်းတယ်လေ ငယ်ငယ်လေးထဲက စာလဲမကျက်ပဲအဆင့် ၁ရတယ်၊ အမြဲတမ်းသည်းခံနေတတ်တယ် ကျွန်မသူ့ရဲ့အဲ့ဒီအကျင့်ကို လုံးဝမကြိုက်ဘူး၊ လူတွေက ကိုယ့်ကို လာဝေဖန်ရင် လာကြောရင် ကိုယ်ကပြန်ပြီး မိုက်ရိုင်းသင့်ရင် ရိုင်းရမယ်လေ… ဘာသည်းခံစရာလိုလဲ၊ သူကအမြဲသည်းခံတယ်… အဖေနဲ့အမေနဲ့ မခေါ်နိုင်မပြောနိုင်ဖြစ်ကြလဲ သူပဲလိုက်ညှိနှိုင်းနေတာ၊ ကျွန်မနဲ့အမေနဲ့ရန်ဖြစ်လဲ သူပဲဟိုဘက်လိုက် တောင်းပန်လိုက် ဒီဘက်လိုက်ဖားလိုက်နဲ့၊ ကျွန်မတော့ ဘယ်တော့မှ သူ့လိုလုပ်မှာမဟုတ်ဘူး၊ သူဘယ်လောက် သည်းခံတတ်လဲဆိုရင် ကျွန်မ အသက် ၂၀ ကျော် ငယ်သေးတဲ့အချိန် ကျွန်မ မောင်လေးနဲ့ကျွန်မနဲ့ စကားများကြတယ်၊ အဲ့တုန်းက အမေက ဗုဒ္ဓဂါယာကို ဘုရားဖူးသွားနေခဲ့တာ ကျွန်မရဲ့ညီမလေးက ပို့ပေးတာလေ။ အိမ်မှာ ကျွန်မနဲ့ကျွန်မရဲ့ မောင်လေးနဲ့ ၂ယောက်ထဲ၊ ယုယက အလုပ်ပိတ်ရက် အဝေးသင်တက္ကသိုလ်ကိုသွားနေတာ သူကစာတော်ပြီး ဆရာဝန်အမှတ်မှီခဲ့ပေမယ့် အဝေးသင်ပဲတက်ပြီး အလုပ်လုပ်မယ်ဆိုပြီး သူ့သဘောနဲ့သူ အလုပ်လုပ်တာ။ ကျွန်မနဲ့ ကျွန်မမောင်လေးနဲ့ အစကတော့ ဒီတိုင်းသာမန်ပဲစကားများကြတာပါ ဒါပေမယ့် ကျွန်မဘယ်လိုဖြစ်မှန်းမသိဘူး ကျွန်မဒေါသအရမ်းကြီး လာတယ် ကျွန်မတစ်ယောက်ယောက်ကို ရိုက်ပစ်ချင်တယ်၊ ရိုက်ပြီးဆုံးမမှ ရမယ်လို့ထင်လာတယ်၊ ပစ္စည်းတွေကို ပစ်ပေါက်ခွဲချင်လာတယ် အဲ့အချိန်တုန်းက ကျွန်မက ဘီလူးတစ်ကောင်လိုစိတ်မျိုး ဖြစ်သွား သလိုမျိုးပဲ… အဲဒီအချိန်မှာပဲ ကျွန်မညီမယုယ ပြန်ရောက်လာတယ် မောင်နှမတွေရန်ဖြစ်နေကြမှန်းသိတော့ အငယ်ကောင်ကို သွားသွားကိုယ့်ပါ့ကိုယ် အပြင်မှာသွားဆော့ရင်လဲဆော့ မုန့်စားရင်လဲစားဆိုပြီး ပထုတ်လိုက်တယ် ပြီးတော့ သူ့ပုံစံအတိုင်းပဲ ကျွန်မကို စိတ်လျှော့ဖို့ဖျောင်းဖျတာပေါ့… သူပြောတာတွေကို ကျွန်မကြားပါတယ် သိလဲသိတယ် ဒါပေမယ့် ကျွန်မကိုယ်ကျွန်မတောင်မသိပဲ… ရည်လဲမရည်ရွယ်ပါပဲနဲ့… ကျွန်မလေ… အနားမှာရှိတဲ့ပန်ကာနဲ့ ကျွန်မညီမလေးရဲ့ခေါင်းကို ၂ချက်ဆင့် ရိုက်ချလိုက်မိတယ်… အဲ့တုန်းက ယုယရယ်လေ မျက်လုံးအဝိုင်းသားနဲ့ ဘာမှလဲမပြောနိုင်ပဲ ကြောင်ပြီးပဲကြည့်နေခဲ့တာ နောက်တော့ သူ့ခေါင်းကနေသွေးတွေ စီးကျလာတော့ သူလဲအသိဝင်ပြီး ဘာမှမပြောပဲ ခေါင်းကိုမျက်နှာသုတ်ပုဝါနဲ့ ပါတ်ပြီး ထွက်သွားတာတွေ့လိုက်တယ်။ ကျွန်မအသိဝင်လာတဲ့အခါမှာ ကျွန်မအရမ်းကြောက်မိတယ်… ကျွန်မ.. ကျွန်မအချစ်ဆုံးညီမလေး…. ကျွန်မအသက်တွေနှလုံးတွေပါ ထုတ်ပေးပါဆိုရင်တောင် ထုတ်ပေးနိုင် လောက်အောင်ကို ချစ်ရတဲ့ညီမလေး… လိမ္မာလွန်းတဲ့ ကျွန်မရဲ့ညီမလေးကို ကျွန်မခေါင်းရိုက်ခွဲလိုက်မိတယ်…. ကျွန်မ ညီမလေးများ သေသွားပြီလား၊ ကျွန်မကိုမုန်းသွားပြီလား၊ ကျွန်မဘာတွေလုပ်လိုက်မိတာလဲ၊ ကျွန်မကို ရဲတွေကလာဖမ်းတော့မှာလား၊ ကျွန်မရူးသွားသလို ခံစားချက်နဲ့တစ်ယောက်ထဲ အခန်းထောင့်ကအမှောင်ထဲမှာ စောင့်စောင့်လေး ထိုင်နေခဲ့တာ၊ ကျွန်မ အိပ်လဲမအိပ်နိုင်ဘူး၊ စားလဲမစားနိုင်ဘူး၊ ဘယ်သူ့ဆီကမှလဲ အဆက်အသွယ်မရဘူး၊ မောင်လေး အပြင်ကပြန်လာတော့မေးကြည့်တော့ သူလဲယုယဘယ်မှာမှန်းမသိဘူးတဲ့။ ကျွန်မဘာဆက်လုပ်ရမှန်း မသိပဲနဲ့ ၂ရက်ကြာသွားခဲ့တယ်၊ ၂ရက်မြောက်ညကျတော့ ယုယဆီက ဖုန်းဆက်လာတယ်၊ သူကကျွန်မဖြစ်နေတာတွေကို သိသလိုမျိုးလေသံနဲ့ “မကြီးကြောက်ပြီး ငိုမနေနဲ့ဦးနော်၊ ထမင်းလဲစားဦး၊ မီးဘာမှမဖြစ်ဘူး၊ ဆေးရုံမှာဆေးကုနေတာ အခုမှသတိပြန်ရလို့ ဖုန်းဆက်လိုက်တာတဲ့”၊ ကျွန်မညီမကအဲ့လိုလူစားမျိုး သူများကို စိတ်နာရမယ့်အစား ဒေါသထွက် ရမယ့်အစား စိတ်ပူပေးပြီး သည်းခံပေးတဲ့သူ။ နောက်နှစ်တွေကြာတော့မှ အဒေါ်အလတ်ဆီကနေ ပြန်သိရတာက အဲ့တုန်းက ယုယကို မြို့နယ်ဆေးရုံရဲ့အရေးပေါ်က လက်မခံလို့ ဂန္ဓီဆေးရုံအရေးပေါ်ကို ရောက်သွားတာ၊ မီးပျက်ပြီးဆရာဝန်လဲ နောက်ကျနေတော့ သွေးထွက်လွန်မှာစိုးလို့ အစိမ်းလိုက်ချုပ်ခဲ့ရတာ၊ စုစုပေါင်း ၁၁ချက် ဒါဏ်ရာလဲ အကြီးကြီးပဲ၊ သူမျက်နှာသုတ်ပုဝါအုပ်ပြီးမှ ထွက်သွားတာက အမေမရှိတုန်း မောင်နှမတွေ ရန်ဖြစ်ကြတာကို ပါတ်ဝန်းကျင်ကသိရင် အမေကဲ့ရဲ့ခံရမှာစိုးလို့တဲ့ ပြီးတော့ ကျွန်မကို ရဲဖမ်းမှာစိုးလို့ ဆေးရုံပေါ်မှာ သတိရတချက်မရတချက်ဖြစ်နေတာတောင်မှ ကိုယ့်ပါ့ကိုယ်ချော်လဲတာပါ ဆိုပြီး လိမ်နေခဲ့တာတဲ့၊ ကျွန်မညီမလေး ဘယ်လောက်သနားစရာကောင်းလိုက်လဲ၊ ကျွန်မ ဒါ့ကြောင့်လဲ ဒီနေ့ အချိန်ထိ ကျွန်မညီမလေးအပေါ် စိတ်ရင်းနဲ့ကောင်းပေးခဲ့တာပါ၊ ကျွန်မပုံစံက မှန်ချင်မှမှန်မယ် ဒါပေမယ့် ကျွန်မ သူ့အပေါ်ထားတဲ့ စိတ်ရင်းကတော့ အမှန်ပါ။
၅။ မီးလောင်ပြင်တစ်ခုရဲ့နောက်ဆက်တွဲ
ကျွန်မမောင်လေးနဲ့ပါတ်သက်ရင်တော့ ကျွန်မသိပ်မသိတာများတယ်၊ သူက စကားနည်းတယ် တနေကုန်နေလို့ စကားတလုံးပြောချင်မှပြောတာ။ အဖေက သူ့ကိုမွေးပြီး၂လသားထဲက နိုင်ငံခြားထွက်သွားတာဆိုတော့ သူက အဖေနဲ့လဲစိမ်းတယ်၊ အမေ့နားတော့ကပ်တယ်၊ တခုခုဆို ဘာတွေကြံနေမှန်း မျိုသိပ်နေမှန်းကိုမသိဘူး၊ မြုံအအ ထုံတုန်တုန်နဲ့၊ သူ့ကို အထွေးဆုံးလေးမို့ မိဘတွေက မောင်မောင်မြင့်လွင်ဆိုပြီး နာမည်ပေးထားတာ။ မောင်လေး ၉တန်းရောက်တော့ အမေက အဖေရှာပြီးပို့တဲ့ ပိုက်ဆံနဲ့အင်တာနက်ကဖေးဆိုင်လေးဖွင့်တယ် အမေက IT လဲ တစ်လုံးမှ နားမလည်ပါဘူး အမျိုးထဲက လူငယ်တွေ အားကိုးနဲ့ထဖွင့်တာ ကျွန်မတို့ အရွယ်ရောက်လာရင် ခေတ်မီတဲ့လုပ်ငန်း အမွေပေးနိုင်အောင်လို့တဲ့ အဲဒီမတိုင်ခင်က ကျွန်မတို့ ကွန်ပျူတာဆိုတာ လုံးသလား ပြားသလားတောင် မြင်ဖူးတာမဟုတ်ဘူး။ နောက်တော့ အမေအလိမ်ခံရတယ်၊ ခရီးသွားလုပ်ငန်းရော အင်တာနက်ဆိုင်ရော ပြုတ်ကုန်တယ် အိမ်ပါရောင်းရတယ်။ အမေလဲ မျက်နှာတွေပါ ပိန်ချုံးပြီးအိပ်ယာထဲလဲတယ်။ အမေ့ကိုစောင့်ရှောက်ပေးချင်တဲ့ မန္တလေးက အမျိုးတွေက အမေ့ကို ခေါ်ထားပေးတယ်။ အဖေသိသွားတော့ သူ့သားသမီးတွေ နောင်ရေးကို ဖျက်ဆီးတယ်ဆိုပြီး အမေနဲ့ပြသနာတွေ တက်တယ်၊ ကျွန်မဒီလိုမျိုးလုံးဝမဖြစ်စေချင်ဘူး၊ ကျွန်မ ကြောက်တယ် ဒါ့ကြောင့်မို့ ကျွန်မ အိမ်နဲ့ဝေးရာကို ထွက်ပြေးခဲ့တယ်၊ နယ်ကအမျိုးတွေ အိမ်မှာ ကျောင်းတက်ရင်းနဲ့ သွားနေခဲ့တယ်။ ယုယနဲ့ မောင်မောင်ကတော့ ရန်ကုန်က အမေ့အမျိုးတွေ အိမ်မှာပဲသွားကပ်နေကြတယ်၊ ယုယက သူတက်နေတဲ့ တက္ကသိုလ်ကနေ ထွက်လိုက်ပြီး အဝေးသင်ပြောင်းပြီး အလုပ်လုပ်ပြီး မောင်လေးကို ကျောင်းထားပေးတယ်၊ အမေ့ဆေးဖိုးလဲ ပို့ပေးတယ်။ တစ်ကယ်ပါ ကျွန်မလဲ အမေတို့ ညီမလေး၊ မောင်လေးတို့ကို ကျွန်မ အရမ်းရှာကျွေးချင်တယ်။ လိမ္မာတဲ့ကလေး ဖြစ်ချင်တယ်။ ဒါပေမယ့် ကျွန်မစိတ်တွေအဆင်သင့်မဖြစ်ခဲ့ဘူး။
၅နှစ်ကြာတော့ ကျွန်မတို့မိသားစု ပြန်ဆုံကြချိန်မှာ အဖေလဲနိုင်ငံခြားကနေ ပြန်ရောက်နေပြီ၊ အမေလဲ ကျန်းမာရေးပြန်ကောင်းလာပြီး ဟင်းတွေချက်နေပြီ၊ မောင်လေးလဲ ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်နေပြီ၊ ညီမလေးလဲ နိုင်ငံခြားကုမ္ပဏီမှာ အလုပ်တွေရပြီး လစာတွေကောင်းနေပြီ။ ကျွန်မအချစ်ဆုံး အိမ်လေးပါ ကျွန်မဘဝရဲ့ အရေးပါဆုံး မိသားစုလေးပါ။
ကျွန်မတို့မိသားစု ပုံမှန်ပြန်လည်ပါတ်နေပြီး ပျော်တာမှ မကြာသေးဘူး ကံကြမ္မာဆိုးက ထပ်ရောက်လာ ပြန်တယ်၊ ကျွန်မတို့ငှါးနေတဲ့ တိုက်ခန်းလေး မီးလောင်သွားတယ် မောင်လေး အခန်းကနေစလောင်တာ၊ မီးပျက်လို့ထွန်းထားတဲ့ ဖယောင်းတိုင်ကနေ စလောင်ခဲ့တာ၊ မီးသတ်ကားတွေရော၊ ရဲကားတွေရောအများကြီး ရောက်လာကြတာ၊ ရပ်ကွက်ကလဲ ဝိုင်းငြှိမ်းပေးကြတာပေါ့။ ကျွန်မတော့ ကြောက်လို့ အမေကြောက်တယ်လို့ အော်နေမိတယ်၊ အမေ့ကို ကြည့်လိုက်တော့ အမေက ကြောင်အ ပြီး ခန္ဓာကိုယ်တွေပါ မလှုပ်နိုင်တော့လို့ ပါတ်ဝန်းကျင်က ထိုင်လျက်သား ထမ်းထုတ်ရတယ်၊ မောင်မောင်ကတော့ ဆံပင်တွေပါ မီးလောင်ကုန်တယ်၊ ယုယ ကတော့ မကြောက်တတ်တာလား ခံစားချက်မရှိတဲ့လူလားတော့မသိဘူး ရဲတွေကိုလဲ မကြောက်ဘူး မီးလောင်ပြီးပြာကျသွားတာကိုလဲ စိတ်ပူတဲ့အရိပ်အယောင်တောင် မျက်နှာမှာမတွေ့ရဘူး၊ ရဲကားပေါ် ကို မောင်မောင်ကိုခေါ်သွားတော့ သူပါရဲကားထဲအတင်းလိုက်သွားတာ၊ ပြီးတော့ မောင်လေးကို အာမခံနဲ့ ညတွင်းချင်း လွတ်အောင်လုပ်လာခဲ့တာ၊ ငယ်ငယ်တုန်းက “ပိုးကရင်မလေးရယ် ဒို့ကတော့ ဒို့ကတော့ စတဲ့” ဗဒင်သီချင်းလေးတွေနဲ့ ကနေတဲ့ ကလေးက ဒါတွေဘယ်လိုများလုပ်တတ်သွားတာပါလဲ ဘယ်လိုမျိုး လူကြီးတစ်ယောက်ဖြစ်သွားတာပါလဲလို့ တွေးမိတယ်။ သိပ်မကြာဘူး မောင်မောင်က တမှိုင်မှိုင်တတွေတွေနဲ့ နဂိုထဲကမှ စကားနည်းတော့ သူဘာဖြစ်နေမှန်းလဲ ဘယ်သူမှ မသိကြဘူး၊ နောက်တော့ တနေရာထဲကို မျက်တောင်မခတ်ပဲကြည့်နေပြီး မျက်ရည်တွေကျနေတယ်၊ ထမင်းလဲမစားတော့ဘူး သူ့အကျီလဲ သူမလဲနိုင်တော့ဘူး အိမ်သာလဲမသွားဘူး ရေလဲမချိုးဘူး၊ ကျွန်မတို့ အကုန်လုံးဗျာများသွားတယ်၊ ဘာလုပ်ရမှန်းလဲ မသိဘူး။
တနေ့ကြတော့ ယုယက ရုံးကပြန်လာပြီးပြောတယ် မောင်မောင့်ကို Counselling လုပ်ဖို့လိုတယ်၊ ရုံးက အမတွေက အကြံဉာဏ်ပေးလိုက်တယ် ဒါစိတ်ကျန်းမာရေးနဲ့ဆိုင်တယ်လို့ ပြောတယ်။ Counselling ဆိုတာကြီးတောင်မှ လုပ်ဖို့လိုနေပြီဆိုတော့ မောင်မောင်က ရူးသွားတာများလား၊ ကျွန်မအရမ်းလဲ အရမ်းစိတ်ပူသွားသလို အရမ်းလဲစိတ်ရှုပ်မိတယ်။ အမေကတော့ နှလုံးရောဂါအခံ ရှိတော့ မောင်မောင့် အကြောင်းကြားပြီး အိပ်ယာထဲလဲသွားခဲ့တယ်၊ တဖက်မှာလဲ အဖေက အဖွား နေမကောင်းလို့ အဖွားအိမ် ပြန်ပြီးပြုစုပေးနေရတယ်။ ယုယနဲ့ မောင်မောင်တို့ Breathing Corner ဆိုတဲ့ နှစ်သိမ့်ဆွေးနွေးတဲ့ဆီကို သွားပြီးပြန်လာတဲ့ အခါကြတော့ ယုယကပြောတယ် မောင်မောင်က စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြဖို့ လိုတယ်တဲ့။ ကျွန်မစိတ်ထဲမှာ ကမ္ဘာပျက်သလိုဖြစ်သွားတယ်၊ ကျွန်မ မောင်လေးရူးသွားပြီ ဒါအမှန်မဖြစ်နိုင်ဘူး၊ ငါ့မောင်မှာ ဒါမျိုးလုံးဝမဖြစ်ရဘူး၊ ဘာလို့ ငါ့မောင်လေးဆီ မှာမှ ဒါမျိုးလာဖြစ်တာလဲ၊ ကျွန်မစိတ်အရမ်း ပင်ပန်းလွန်းလို့ မခံစားနိုင်တော့ဘူး။ တဖက်မှာလဲ ကျွန်မ တိုက်ခန်းအရစ်ကျ ဘဏ်ချိတ်နဲ့ဝယ်ထားတာ ဖြစ်တာကလဲ တစ်ကြောင်းမို့ ကျွန်မ ထိုင်းကို အလုပ်လုပ်ဖို့ ထွက်သွားခဲ့တယ်။ ထိုင်းရောက်တော့လဲ ဘဝကြီးက ခက်ခဲပင်ပန်းစွာ ရုန်းကန်ပြီး နေထိုင်ရတယ်၊ ကျွန်မက မိသားစုအတွက် အိမ်လေးဝယ်ပေးချင် တာမို့ မိသားစုကို ချစ်တဲ့စိတ်နဲ့ သည်းခံပြီးဖြတ်သန်းနေခဲ့တယ်။
၆။ ကုစားခြင်း
တနေ့ကြတော့ ယုယက တယ်လီဂရမ်ကနေ စာပို့လာခဲ့တယ်၊ မောင်မောင်က Depression စိတ်ကျ ရောဂါခံစားနေရတာတဲ့၊ အာယုအင်တာနေရှင်နယ်ဆေးရုံမှာ စိတ်ကျန်းမာရေးအထူးကုနဲ့ ပြပေးနေတယ်တဲ့ စိတ်မပူနဲ့ အဆင်ပြေလာပြီ ထမင်းစားနိုင်လာပြီ၊ ရေချိုးနိုင်လာပြီတဲ့။ ကျွန်မကြားဖူးသလောက်ဆို စိတ်ကျန်းမာရေးဆိုတာ ရူးနေတာဖြစ်ပြီး ရွာသာကြီးက အရူးထောင်ကို ပို့ရတာလို့ပဲကြားဖူးတာ အဲ့လိုမျိုး စိတ်ရောဂါမှာ “စိတ်ကျရောဂါ” ဆိုပြီး တစ်ခုသပ်သပ်ရှိမှန်း ကျွန်မမသိခဲ့သလို အာယုလို အကောင်းစားဆေးရုံမှာ ဒါမျိုးရောဂါတွေ ပြလို့ရမှန်းလဲ ကျွန်မလုံးဝမသိခဲ့ဘူး။
ယုယက Breathing Corner ကနေ ဖွင့်တဲ့ Counselling သင်တန်းလဲ သူတက်နေပြီတဲ့ စိတ်ကျရောဂါရှိတဲ့မောင်လေးနဲ့ ဘယ်လိုစကားတွေပြောပေးရမလဲ စိတ်ပညာ ဗဟုသုတတွေရော သူသိချင် လို့တဲ့၊ သူရှင်းပြတာက သူ့ကျောင်းမှာ person-centered therapy ဆိုတဲ့ Counselling ပညာရပ်ကိုသင်ရတယ်တဲ့၊ Counselling ဆိုတာ ကျွန်မထင်သလိုမျိုး မဟုတ်ပဲ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒါဏ်ရာ ရနေတဲ့သူတွေ၊ စိတ်ခံစားချက်တွေကို ဖွင့်ဟရင်းနဲ့ တခုခုကိုပြောင်းလဲချင်တဲ့သူတွေ သွားကြတာတဲ့။ Counselling sessionတွေအတွင်းမှာ နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ကြတဲ့အခါမှာ Counsellor တွေက အကြံဉာဏ်ပေးတာမျိုးတွေ မလုပ်ပေးဘူးတဲ့ ဒါပေမယ့် client က ပြသနာတွေကို ကိုယ်တိုင်ဖြေရှင်းသွားနိုင်အောင် positive change လေးတွေ ဖြစ်အောင် ကဲ့ရဲ့ဝေဖန်ခြင်းလုံးဝမလုပ်ပဲ ကိုယ်ချင်းစာတရားနဲ့ နားထောင်ပေးရင်း နဲ့ အတူတူရှိနေပေးတာမျိုးတဲ့၊ ပြီးတော့ နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်နေစဉ် ကာလအတွင်းမှာ ပြောသွားတဲ့ စကားလုံးတွေ အကြောင်းအရာတွေ အားလုံးကို confidential ထားပေးတာတဲ့၊ အို ကျွန်မတော့ နားထောင်ရတာ ခေါင်းတွေကို ရှုပ်သွားတာပဲ၊ ဘာပဲဖြစ်ဖြစ် မောင်မောင်ကောင်းဖို့အတွက် တစ်ခုခုလုပ်ပေးနေတယ်ဆိုတာတော့ သိလိုက်တယ်။
အဲ့ဒီနေ့ည ကျွန်မအိပ်ယာဝင်ကာနီးတော့ နေ့ခင်းက ယုယပြောတဲ့ Counselling ဆိုတာ အကြောင်းကို စဉ်းစားနေမိတယ်။ လူအများရဲ့ အမြင်မှာ ဆိုးတဲ့သူ၊ Abuser ဖြစ်နေတဲ့သူတွေရဲ့ အတွင်းစိတ်ကို ဘယ်သူတွေကများနားလည်ပေးနိုင်မှာလဲ၊ Counsellor ဆိုတာတွေကရော လူကောင်းတွေလေ ကျွန်မလို လူမျိုးကို တစ်ကယ်နားလည်ပေးနိုင်ပါ့မလား၊ ကျွန်မရဲ့အကြောင်းတွေ ပြောပြလိုက်ရင် နောက်ကွယ်မှာ အမကြီးမပီသတဲ့သူဆိုပြီးကဲ့ရဲ့နေကြမှာလား၊ သူတို့ပြောတဲ့ Confidential ဆိုတာကရော ဘယ်လောက်ထိ လုံခြုံမှာတဲ့လဲ၊ ကျွန်မစဉ်းစားရင်းနဲ့ အိပ်မပျော်ခဲ့ပါဘူး။
နောက်နေ့မနက်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ယုယကပြောတယ် မကြီးလဲ Counselling ယူ ကြည့်ပါလားတဲ့။ ကျွန်မလဲ “ငါက ဘယ်သူ့ကိုမှမယုံနိုင်တာ နင်သိရဲ့သားနဲ့ အဲ့လိုမလုပ်နိုင်ဘူး နင်ပဲ ငါ့ကို Counselling လုပ်ပေးလေ၊ ငါ့ညီမလေးပြောတာတော့ နားထောင်ပေးလို့ ရပါတယ်” လို့ ပြန်ပြောလိုက်တယ်။ ယုယကပြောတယ် “Counselling က မိသားစုချင်းလုပ်ပေးလို့မရဘူးတဲ့ ဒါပေမယ့် ယုံကြည်လို့ရတဲ့ Counsellor အစ်မတစ်ယောက်နဲ့တော့ မိတ်ဆက်ပေးလို့ရတယ်တဲ့ မကြီး ပြောကြည့်ရင်းနဲ့ မကြီးရဲ့ စိတ်ဒါဏ်ရာတွေလဲ heal ဖြစ်လာမှာပါတဲ့၊ အခုလို လောကဓံတွေ အများကြီး ရင်ဆိုင်ခဲ့ရတာ မကြီးလဲ အရမ်းဝမ်းနည်းပြီး ပင်ပန်းနေမှာပဲနော်တဲ့”။ ကျွန်မလို တာဝန်မကျေတဲ့သူ အမြဲပဲမရင်ဆိုင်ချင်လို့ ထွက်ပြေးနေတဲ့သူကို ကျွန်မရဲ့ ညီမက “မကြီးလဲ အရမ်းဝမ်းနည်းပြီး ပင်ပန်းနေမှာပဲနော်တဲ့” အဲ့နေ့က ကျွန်မငိုချလိုက်မိတယ်၊ ကျွန်မ မငိုနိုင်ခဲ့တာကြာပြီ၊ ငိုပြီးသွားတော့ ကျွန်မ ပထမဆုံးအကြိမ်အဖြစ် ပေါ့ပါးသွားသလို ခံစားရတယ်။ ကျွန်မညီမလေးရဲ့ စကားကို နားထောင်ပြီး Counselling လုပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
၇။ မှန်တစ်ချပ်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ခြင်း
ကျွန်မက ထိုင်းမှာဆိုတော့ Online ကနေပဲ Counselling လုပ်ရတယ်၊ ကျွန်မရဲ့ ညီမက ကျွန်မ အားမယ့်ရက်ကို Breathing Corner မှာ booking ယူပေးထားတယ်။ ကျွန်မလဲ ဘာတွေပြောရမှန်း မသိတော့ စိတ်လှုပ်ရှားနေမိတယ်၊ ကြောက်လဲကြောက်တယ်၊ မယုံသက်ာသလို စိတ်တွေလဲ ဖြစ်မိတယ်။ ဘန်ကောက်က ကျွန်မရဲ့ အခန်းကျဉ်းလေးထဲမှာ Laptop ရှေ့ ထိုင်နေရတာဟာ တရားခံခုံမှာ ထိုင်နေရသလိုပဲ။ Zoom Link လေး ပွင့်လာတဲ့အခါ မျက်နှာပြင်ပေါ်မှာ ပေါ်လာတာက အေးချမ်းတဲ့ အပြုံးနဲ့ အမျိုးသမီးတစ်ယောက်။ Counsellor နဲ့ အပြန်အလှန်မိတ်ဆက်ကြတယ်… အဲ့ဒီအမနာမည်က မဖြူစင်တဲ့။
သူ့အသံက နွေးထွေးပေမဲ့ ကျွန်မကတော့ လက်သည်းတွေကို ဆိတ်ရင်း ခုခံစစ် ပြင်ထားမိတယ်။ “ကျွန်မက စိတ်မနှံ့တာ မဟုတ်ဘူးနော် မဖြူစင်… ညီမလေးက အတင်းခိုင်းလို့သာ လာရတာ။ ကျွန်မလို အလုပ်လုပ်နေတဲ့သူက ဒါမျိုးတွေနဲ့ မဆိုင်ဘူး ထင်တာပဲ။”
မဖြူစင်က ခေါင်းငြိမ့်ပြတယ်။ ပြီးတော့ သူက Counseling ရဲ့ အခြေခံစည်းမျဉ်းတွေကို ရှင်းပြတယ်။
“နားလည်ပါတယ် မသဉ္ဇာ။ ကိုယ့်ဆန္ဒအလျောက် မဟုတ်ဘဲ တစ်စုံတစ်ယောက်က တိုက်တွန်းလို့ လာရတဲ့အခါမျိုးမှာ ဘာပြောရမှန်း မသိဖြစ်တာ ဒါမှမဟုတ် “ငါနဲ့ မဆိုင်ဘူး” လို့ ခံစားရတာက သဘာဝပါပဲ။
တကယ်တော့ Counselling ဆိုတာ စိတ်ကျန်းမာရေး အခြေအနေတစ်ခုခု ခံစားနေရသူတွေအတွက်ပဲ သီးသန့်မဟုတ်ပါဘူး။ မသဉ္ဇာလိုပဲ အလုပ်တွေ ကြိုးစားနေရတဲ့သူတွေ၊ နေ့စဉ်ဘဝမှာ တာဝန်တွေ ပိနေတဲ့သူတွေအတွက်လည်း စိတ်ပေါ့ပါးသွားအောင်၊ ကိုယ့်အကြောင်းကိုယ် ပြန်သုံးသပ်ကြည့်လို့ ရအောင် ပြုလုပ်ပေးတဲ့ Safe Space လေးတစ်ခုပါ။ ဒီမှာ ပြောသမျှ စကားတွေဟာ ကျွန်မတို့ နှစ်ယောက်ကြားမှာပဲ လုံခြုံနေမှာပါ။ ကျွန်မက မသဉ္ဇာကို အကြံပေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မသဉ္ဇာ ကိုယ်တိုင် လမ်းပျောက်နေတာကို ပြန်ရှာတွေ့အောင် အနားမှာ ရှိပေးနေမှာပါ။”
အဲ့ဒီ “လုံခြုံတယ်” ဆိုတဲ့ စကားလုံးက ကျွန်မရဲ့ စိတ်ထဲမှာ ခုခံနေတဲ့ တံတိုင်းကို နည်းနည်းတော့ လျော့ကျသွားစေတယ်။
“သိုးမည်း” တံဆိပ်ရဲ့ နောက်ကွယ်
“မသဉ္ဇာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူစားမျိုးလို့ မြင်လဲဟင်?” မဖြူစင်ရဲ့ အမေးကို ကျွန်မက ချက်ချင်းပဲ တုံ့ပြန်လိုက်တယ်။
“ကျွန်မက လူဆိုးလေ… တာဝန်မကျေတဲ့သူ၊ အတ္တကြီးတဲ့သူ။ လူတိုင်းကလည်း အဲ့လိုပဲ ပြောကြတာ။”
မဖြူစင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ… “လူတွေ ပြောတဲ့စကားတွေက တစ်ခါတလေ ကျွန်မတို့ရဲ့ Identity (ကိုယ်ပိုင်ပုံရိပ်) ဖြစ်သွားတတ်တယ်။ ဒါပေမဲ့ အဲ့ဒီ ‘လူဆိုး’ ဆိုတဲ့ အပေါ်ယံလွှာအောက်မှာ တကယ်ပဲ ဘာရှိနေမလဲဆိုတာ ကြည့်ရအောင်။”
ကျွန်မ ငယ်ဘဝအကြောင်းတွေကို ဖြည်းဖြည်းချင်း ပြောပြဖြစ်တယ်။ အမေက အဆင့် (၂) ရရင် ရိုက်တာတွေ၊ အဆင့် (၁) ရဖို့အတွက်ပဲ ကျွန်မကို အသိအမှတ်ပြုတာတွေကို ပြောပြတဲ့အခါ မဖြူစင်က တစ်ချက် ထောက်ပြတယ်။
“မသဉ္ဇာက… ကလေးတစ်ယောက်အနေနဲ့ ဆိုးပြမှ၊ အရိုက်ခံရမှ အမေ့ရဲ့ အာရုံစိုက်မှုကို ရခဲ့တာဆိုတော့… မသဉ္ဇာ့ရဲ့ မသိစိတ်က ‘နာကျင်မှုဟာ ဂရုစိုက်ခံရခြင်း’ လို့ မှတ်သားသွားခဲ့တာ ဖြစ်နိုင်တယ်။ ဒါကြောင့်ပဲ အခုထိ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်နေမိတာလား?”
အဲ့ဒီစကားက ကျွန်မ နှလုံးသားကို မြှားနဲ့ မှန်သလိုပဲ။ ဟုတ်တယ်… ကျွန်မ ဘာလို့ အမြဲ အပစ်တင်ခံရအောင် နေခဲ့တာလဲ၊ ကိုယ့်ကိုကိုယ်အမြဲအပစ်တင်နေမိတာလဲဆိုတာ အခုမှ နားလည်လာခဲ့တယ်။
ဝန်ခံခြင်းရဲ့ အင်အား
ကျွန်မ အကြောက်ဆုံး အပိုင်းကို ရောက်လာတယ်။ ယုယရဲ့ ခေါင်းကို ပန်ကာနဲ့ ရိုက်ခဲ့တဲ့ အကြောင်း။ အဲ့ဒီအကြောင်း ပြောပြရင် မဖြူစင်လည်း ကျွန်မကို ရွံသွားမလားလို့ ကြောက်မိတယ်။
“ကျွန်မ… ကျွန်မ ညီမလေးရဲ့ ခေါင်းကို ရိုက်ခွဲခဲ့တာ။ သွေးတွေအများကြီး ထွက်လာတဲ့အထိပဲ။ ကျွန်မက ‘ အရမ်းဆိုးတဲ့ အစ်မတစ်ယောက်ပဲ မဟုတ်လား?” ကျွန်မ ငိုချလိုက်မိတယ်။
မဖြူစင်က ကျွန်မကို ဝေဖန်ခြင်း မရှိဘူး။ သူက စာနာတဲ့ မျက်လုံးတွေနဲ့ပဲ ကြည့်နေတယ်။
“စိတ်ဒဏ်ရာ (Trauma) ဆိုတာက စက်ဝိုင်းလိုပဲ မသဉ္ဇာ။ အမေ့ဆီက ရခဲ့တဲ့ ဒေါသတွေ၊ အပြစ်တင်မှုတွေကို မသဉ္ဇာက ကိုယ့်စိတ်ထဲမှာပဲ သိမ်းထားခဲ့ရတယ်။ အဲ့ဒီ ဖိအားတွေက အရမ်းများလာတဲ့အခါ ပေါက်ကွဲထွက် သွားတာမျိုးပါ။ အဲ့ဒါဟာ မသဉ္ဇာက မကောင်းတဲ့သူမို့လို့ မဟုတ်ဘဲ၊ မသဉ္ဇာရဲ့ ‘စိတ်ဒဏ်ရာက တုံ့ပြန်လိုက်တာ’ ပါ။ အဲ့ဒီ အမှားအတွက် နောင်တရနေတာကပဲ မသဉ္ဇာမှာ ကောင်းမွန်တဲ့ စိတ်ရင်းရှိတယ်ဆိုတာ သက်သေပြ နေတာပဲမဟုတ်လား။”
“Silence” (တိတ်ဆိတ်မှု) က အခန်းထဲမှာ ကြီးစိုးသွားတယ်။ အဲ့ဒီ တိတ်ဆိတ်မှုက အရင်လို ခြောက်ခြားစရာ မဟုတ်ဘဲ၊ ကျွန်မရဲ့ နာကျင်မှုတွေကို နှစ်သိမ့်ပေးနေသလိုပဲ။
“ကျွန်မရဲ့ နှုတ်က အမြဲတမ်း ‘အကန်’ တွေပဲ ထွက်နေခဲ့တာဟာ တကယ်တော့ လူတွေကို မုန်းလို့ မဟုတ်ခဲ့ပါဘူး။ ခံစားချက်ကို အမှန်အတိုင်း ဖွင့်ပြလိုက်ရင် တစ်ဖက်လူက နာကျင်အောင် လုပ်သွားမှာကို ကြောက်လို့ ကိုယ့်ဘာကိုယ် ကာကွယ်ထားတဲ့ စိတ်ရဲ့သဘာဝတစ်ခုပါ။ အဲ့ဒီကြောက်စိတ်ကြောင့်ပဲ ကျွန်မဟာ လူတွေနဲ့ ကိုယ့်ကြားမှာ တံတိုင်းကြီး တစ်ခုကို မြင့်မြင့်ကြီး ဆောက်ပြီး တွန်းထုတ်နေခဲ့မိတာ။ အခုတော့… အဲ့ဒီ လုံခြုံမှုအတု တံတိုင်းတွေကို တစ်တုံးချင်းစီ ဖြည်းဖြည်းချင်း ဖြိုချပစ်ဖို့ အချိန်တန်ပြီဆိုတာကို ကျွန်မရဲ့ နှလုံးသားက ခံစားသိရှိလိုက်ရပါတယ်။”
မဖြူစင်က Counseling ရဲ့ အရေးကြီးတဲ့ Awareness တစ်ခုကို ပေးခဲ့တယ်။
“Healing (ကုစားခြင်း) ဆိုတာ အတိတ်ကို မေ့ပစ်တာ မဟုတ်ဘူး။ အတိတ်ကို ပြန်ကြည့်တဲ့အခါ ‘နာကျင်မှု’ တွေအစား ‘နားလည်မှု’ တွေနဲ့ ကြည့်နိုင်လာတာကို ဆိုလိုတာပါ။”
ဆက်ရှင်အပြီးမှာ ကျွန်မ Laptop ကို ပိတ်လိုက်တယ်။ ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်က လေထုက မွန်းကျပ်မနေတော့ဘူး။ ကျွန်မ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတယ်။ မျက်လုံးတွေက နီမြန်းနေပေမဲ့ အဲ့ဒီမျက်လုံးတွေထဲမှာ အရင်က မရှိခဲ့တဲ့ “မျှော်လင့်ချက်” လေး တစ်ခုကို ကျွန်မ မြင်လိုက်ရတယ်။
၈။ ကုစားမှုခရီးရှည် (The Healing Journey)
ဒီလိုနဲ့ပဲ ကျွန်မ Counselling session လေးတွေ ထပ်ယူဖြစ်ခဲ့တယ်၊ တစ်ခေါက်နဲ့ တစ်ခေါက်မှာ ပိုပိုပြီး ကျွန်မကိုယ်ကျွန်မ ပြန်လည်တွေ့ရှိလာခဲ့တယ်။ အဖေတို့ အမေတို့ကိုလဲ နားလည်ပေးနိုင်လာခဲ့တယ်။ Perfectionist ဖြစ်နေတဲ့ စိတ်ကနေ ဆင့်ကဲ့ရောက်ရှိလာတဲ့ ဝေဖန်ခံရမှာကိုကြောက်တဲ့စိတ်နဲ့ perfect မဖြစ်မှာ စိုးလို့ အမြဲတမ်းစိုးရိမ်နေတတ်တဲ့ စိတ်သောကတွေလဲ လျော့ပါးလာပါတယ်။ ကိုယ် control လုပ်လို့ မရတဲ့အရာတွေလဲရှိကြောင်း၊ အရာရာဟာကိုယ့်ကြောင့်ဖြစ်နေတာမဟုတ်ကြောင်းတွေကို နားလည်လာတဲ့ အခါ ရင်ထဲမှာ ပဲ့တင်ထပ်နေသလိုမျိုး အဖန်ဖန်ကြားနေရတဲ့ ကိုယ့်ကိုကိုယ် အပစ်တင်နေတဲ့ အသံတွေလဲ တိတ်ဆိတ်လာပါတယ်။ ငယ်ငယ်တုန်းက အမေက စာမကြိုးစားမှာစိုးလို့ အဆင့်၁ ရစေချင်တဲ့အပေါ်မှာ ကိုယ်ရဲ့မသိစိတ်ကစွဲပြီးတော့ အဆင့်၁မဖြစ်မှာ perfect မဖြစ်မှာကို ကြောက်တဲ့စိတ်က ဖြစ်လာတယ်ဆိုတဲ့ စိတ်ရဲ့ အရင်းအမြစ်တစ်ခုကိုလဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပြီးတော့ ငယ်ငယ်က အမေ့ဆီက attention လိုချင်လို့ ကိုယ့်ကိုကိုယ် ဆိုးတဲ့ပုံစံဖြစ်အောင် လုပ်ခဲ့မိတာတွေ၊ ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်ခဲ့မိတာတွေကိုလဲ ပြန်ပြီး မြင်ယောင်ဆင်ချင်မိသလို၊ ရိုက်နေပေမယ့် ချစ်ရတဲ့အမေကို စွဲလမ်းနေတာကြောင့် လူတွေကို ရိုက်နှက် ပြီး ဆုံးမချင်တဲ့ လက်ပါချင်တဲ့ စိတ်တွေကိုလဲ မြင်တွေ့ခွင့်ရခဲ့ပါတယ် တစ်ကယ်တော့ ရိုးရိုးလေးပါပဲ၊ ကျွန်မ အချစ်ခံချင်ယုံ၊ ဂရုစိုက်ခံချင်ယုံလေးပါ။ ဒါပေမယ့် စစ်မှန်တဲ့ကျွန်မက ပျောက်ဆုံးသွားခဲ့ပြီး ကျွန်မမသိစိတ်ထဲမှာ သူများတွေရဲ့အပစ်တင်သံဝေဖန်သံတွေနဲ့ ပုံဖော်ထားတဲ့ ကျွန်မရဲ့ပုံတူတစ်ခုကို ကျွန်မလို့ ထင်နေခဲ့မိတာပါ။ သူများတွေရဲ့အသံတွေကို အများကြီးလက်ခံလိုက်တဲ့အခါမှာ သူများအသံတွေကနေ ကိုယ့်အသံလိုမျိုးဖြစ်လာတတ်ပြီး သူများတွေပြောတဲ့အရာတွေဟာ ကိုယ့်ရဲ့ identity လိုမျိုး ကိုယ်ကိုတိုင်က ထင်သွားခဲ့တာမျိုးပါ။
မဖြူစင်နဲ့ တစ်ပတ်တစ်ခါ တွေ့ဆုံရတဲ့ ဆက်ရှင်တွေဟာ ကျွန်မအတွက်တော့ မှောင်မည်းနေတဲ့ အခန်းထဲမှာ ဖယောင်းတိုင် တစ်တိုင်ပြီး တစ်တိုင် ထွန်းညှိနေရသလိုပဲ။ အစပိုင်းမှာတော့ အတိတ်က နာကျင်မှုတွေကို ပြန်တူးဆွရတာဟာ အနာဟောင်းကို ဆားနဲ့ ပက်သလို စပ်ဖျဉ်းဖျဉ်း နိုင်လှပါတယ်။
ဒါပေမဲ့ ကုစားခြင်း (Healing) ဆိုတာ ချက်ချင်းကြီး ပျောက်ကင်းသွားတဲ့ မှော်အတတ်မဟုတ်မှန်း ကျွန်မ နားလည်လာတယ်။ အချိန်ယူရတယ်။ တစ်ခါတလေ ရှေ့ကို နှစ်လှမ်းတိုးပြီး နောက်ကို တစ်လှမ်း ပြန်ဆုတ်ရတဲ့ ရက်တွေလည်း ရှိခဲ့တာပေါ့။
အရင်ကဆို အလုပ်မှာ အမှားအယွင်း တစ်ခုခု ရှိရင် ကိုယ့်ကိုယ်ကိုယ် “ငါကတော့ အသုံးမကျတဲ့သူပဲ” လို့ ချက်ချင်း ကောက်ချက်ချတတ်တဲ့ စိတ်က အခုတော့ ပြောင်းလဲလာပြီ။ အရာရာကို အပြစ်ကင်းစင်လိုတဲ့စိတ်၊ တပြိုင်နက်ထဲမှာပဲ ကိုယ့်ကိုကိုယ်အပစ်တင်နေတတ်တဲ့စိတ်တွေကနေ ကိုယ့်ကိုကိုယ် နားလည်ပေးနိုင်ပြီး ခွင့်လွှတ်ပေးတတ်တဲ့စိတ်ဆီကို ဖြည်းဖြည်းချင်း ကူးပြောင်းလာခဲ့ပါတယ်။
ပြသနာတွေ၊ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကတော့ မပြောင်းလဲသွားပဲ မှတ်ဉာဏ်အနေနဲ့ ကျန်ရှိနေဦးမှာဖြစ်ပေမယ့် ကျွန်မရဲ့ mindset လေး ချိန်း သွားတဲ့အခါမှာတော့ ရွှံ့နွံထဲမှာ ပွင့်လာတဲ့ကြာလေးလိုပဲ သန့်စင်တဲ့စိတ်လေး မွှေးပျံ့တဲ့စိတ်လေး ဖြစ်နေ ခဲ့တာပါ။
ဒီအရာတွေအားလုံးမစခင်… လူကြီးဘဝမသဉ္ဇာမဖြစ်ခင်… ကလေးလေး မသဉ္ဇာဘဝက စိတ်ကူးယဉ်လေး တွေပါ ပြန်မှတ်မိလာပါတယ်။ ငယ်ငယ်က ကျွန်မလဲ စိတ်ကူးယဉ်တတ်တဲ့ ကလေးလေးတစ်ယောက် ဖြစ်ခဲ့ ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် fantasy world မှာတော့ ကျွန်မက သူရဲကောင်းလေးတစ်ယောက်ပေါ့။ သမီးလိမ္မာလေး တစ်ယောက်ဖြစ်သလို မိဘတွေအိုမင်းပြီး နေမကောင်းတဲ့အခါမှာလဲ ပြုစုပေးတတ်တဲ့ သူတစ်ယောက် မိဘတွေကိုငွေလဲအများကြီး ရှာပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မဟာ လွတ်လွတ် လပ်လပ်နဲ့ ကိုယ့်အားကိုယ်ကိုးတတ်ပြီး အရာရာကို ရဲရဲရင့်ရင့် ရင်ဆိုင်တတ်တဲ့သူတစ်ယောက်ဖြစ်သလို သူငယ်ချင်းကောင်းတစ်ယောက်၊ အများကို ကူညီတတ်တဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။
အခုတော့ ကျွန်မရဲ့ စိတ်ကူးယဉ်အိမ်မက်ကမ္ဘာလေးကို ကျွန်မပြန်လည်ပုံဖော်ဖို့အတွက် ခွန်အားတွေ ရှိလာ ခဲ့ပါပြီ။ ဘယ်လောက်ပဲဆိုးသွမ်းတဲ့သူတစ်ယောက်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ လူတကာကဲ့ရဲ့တာခံရတဲ့သူပဲ ဖြစ်ပါစေ၊ မိမိကိုယ်ကိုနားလည်ဖို့၊ မိမိကိုယ်ကိုချစ်ဖို့၊ မိမိကိုယ်ကိုကြင်နာဖို့ ထိုက်တန်ပါတယ်။ ကျွန်မတို့ကိုယ်မှာ ဘယ်လောက်ပဲ ရွှံ့တွေဖုံးနေပါစေ၊ ဆူးတွေဝန်းရံနေပါစေ၊ ကျွန်မတို့ဟာ ဖြူစင်တဲ့ကြာပန်းလေးဖြစ်ဖို့တော့ ထိုက်တန်တယ်မလား။
၉။ နှလုံးသားချင်း ထိတွေ့ခြင်း
ထိုင်းနိုင်ငံရဲ့ ညနေခင်းတစ်ခုမှာ ကျွန်မ ညီမလေး ယုယဆီကို ဗီဒီယိုကောလ် ခေါ်လိုက်တယ်။ အရင်ကဆိုရင်တော့ ကျွန်မတို့ စကားပြောရင် “နေကောင်းလား၊ စားပြီးပြီလား” ဆိုတဲ့ အပေါ်ယံ စကားတွေနဲ့ပဲ ပြီးသွားတတ်တာ။ ဒါပေမဲ့ ဒီနေ့တော့ ကျွန်မမှာ သတ္တိတွေ ရှိနေပြီ။
ဖုန်း screen ပေါ်မှာ ယုယရဲ့ အပြုံးလေး ပေါ်လာတယ်။ “မကြီး… ဘာဖြစ်လို့လဲ? တစ်ခုခု လိုအပ်လို့လားဟင်?”
သူ့ရဲ့ ပထမဆုံး စကားကတောင် ကျွန်မကို ကူညီဖို့ပဲ။ ကျွန်မ ခဏလောက် တိတ်သွားပြီးမှ သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။
“ယုယ… မကြီး တောင်းပန်ချင်လို့ပါ။”
ယုယ ကြောင်သွားတယ်။ “ဘာကိုလဲ မကြီးရဲ့?”
“အကုန်လုံးအတွက်ပါ။ ငယ်ငယ်က မီးကို ရိုက်ခဲ့မိတဲ့ ကိစ္စရော၊ မကြီး တာဝန်မကျေခဲ့တာတွေရော၊ ပြီးတော့… စိတ်နာအောင် အမြဲ ရွဲ့ပြောခဲ့တာတွေအတွက်ရော။” ကျွန်မ အသံတွေ တုန်နေပေမဲ့ မျက်လုံးကိုတော့ မလွှဲလိုက်ဘူး။ “မကြီး တကယ်တော့ မီး ကို အရမ်းအားနာပြီး အရမ်းချစ်တာပါ။ ဒါပေမဲ့ အဲ့ဒါကို ဘယ်လိုပြောရမှန်း မသိခဲ့လို့…”
ဖုန်းထဲက ယုယရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝိုင်းလာတာကို ကျွန်မ မြင်နေရတယ်။ သူက ပြုံးရင်း ခေါင်းခါပြတယ်။
“မကြီးရယ်… မီးက အဲ့ဒါတွေကို စိတ်ထဲမှာ တစ်ခါမှ မထားခဲ့ပါဘူး။ မီး သိတာပေါ့… မကြီးက အပြင်ပန်းမှာသာ မာကြောတာ အတွင်းထဲမှာတော့ မကြီးက မီးတို့အတွက် ဘယ်လောက် စိတ်ပူတတ်လဲဆိုတာ။ အခု မကြီး စိတ်ပေါ့ပါးသွားပြီဆိုရင် မီး တကယ် ဝမ်းသာပါတယ် မကြီးရယ်။”
ကျွန်မတို့ နှစ်ယောက်လုံး ဖုန်းလေးကို ကြည့်ရင်း အကြာကြီး ငိုဖြစ်ခဲ့ကြတယ်။ ဒါဟာ ဝမ်းနည်းလို့ ငိုတဲ့ မျက်ရည်တွေ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ စည်းခြားထားတဲ့ တံတိုင်းကြီး ပြိုကျသွားလို့ ထွက်လာတဲ့ လွတ်မြောက်ခြင်း မျက်ရည်တွေပါ။
“မီး… မကြီး ထိုင်းမှာ ပိုက်ဆံတွေ အများကြီး စုထားတယ်။ အိမ်ဖိုး အရစ်ကျကလည်း ကျေတော့မှာ။ မကြာခင်မှာ မကြီးတို့ မိသားစု အိမ်လေးတစ်လုံး အပိုင်ရတော့မယ်နော်။ အဲ့ဒီကျရင် အိမ်ရှေ့မှာ မီးကြိုက်တဲ့ ပန်းပင်လေးတွေ အတူတူ စိုက်ကြမယ်။”
“ဟုတ်ကဲ့ မကြီး… မီး စောင့်နေမယ်နော်။”
၁၀။ နိဂုံး- ဆူးများရဲ့ ဒိုင်ယာရီမှသည်…
တစ်ချိန်က ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆူးတွေနဲ့ ပတ်ထားတဲ့ အပင်တစ်ပင်လို့ ထင်ခဲ့ဖူးတယ်။ ဘယ်သူမှ အနားမကပ်နိုင်အောင်၊ ဘယ်သူမှ ကျွန်မကို ထိခိုက်အောင် မလုပ်နိုင်အောင် ဆူးတွေနဲ့ ကာကွယ်ခဲ့တာ။
ဒါပေမဲ့ အခုတော့ ကျွန်မ သိသွားပြီ။ အဲ့ဒီဆူးတွေဟာ တကယ်တော့ ကျွန်မရဲ့ ကြောက်ရွံ့မှုတွေသာ ဖြစ်တယ်ဆိုတာ။ Counseling ကနေတစ်ဆင့် ကျွန်မဟာ ဆူးတွေကို တစ်ခုချင်း ချွတ်ပစ်တတ်လာပြီ။
လူတွေက ပြောကြတယ်… “မိဘမျက်ရည် တစ်စက်၊ သားသမီး တစ်သက်” တဲ့။ ကျွန်မကတော့ ဒီစကားကို အခုလို ပြောင်းလဲ ခံယူလိုက်ပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်တဲ့ သားသမီး တစ်ယောက်ဟာ မိဘတွေရဲ့ အမာရွတ်တွေကိုပါ ပြန်ပြီး ကုစားပေးနိုင်တဲ့ အလင်းရောင်တစ်ခု ဖြစ်လာနိုင်တယ်” ဆိုတာပါပဲ။
ကျွန်မရဲ့ ဒိုင်ယာရီထဲမှာ အရင်လို “အမုန်းတရား” တွေ မရှိတော့ဘူး။ အမှားတွေ ရှိမယ်၊ နောင်တတွေ ရှိမယ်၊ ဒါပေမဲ့ အဲ့ဒီအရာတွေနဲ့အတူ “ခွင့်လွှတ်ခြင်း” ဆိုတဲ့ စာမျက်နှာသစ်တွေလည်း ရှိနေပြီ။
ရွှံ့နွံထဲက ပွင့်လာတဲ့ ကြာပန်းလေးဟာ ရွှံ့နွံကိုတော့ မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ရနံ့နဲ့ အလှကိုတော့ သူကိုယ်တိုင် ဖန်တီးယူနိုင်ပါတယ်။ ကျွန်မလည်း ကျွန်မဘဝရဲ့ ရနံ့ကို ကျွန်မကိုယ်တိုင် ဖန်တီးရင်း… မနက်ဖြန်တွေဆီကို ရဲရဲရင့်ရင့် ဆက်လျှောက်သွားတော့မှာပါ။
ရေးသားသူ
Amara J
အမရာ ဂျေ
