သတင်းစာစဉ် – မတ်လ ၂၀၂၆

ရုပ်ပိုင်းဆိုင်ရာ ဝေဒနာနောက်ကွယ်က စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ (Somatic Symptoms)

ခန္ဓာကိုယ်ဟာ စကားမပြောတတ်ပေမယ့် ခံစားရသမျှ စိတ်ခံစားချက်တွေကို ပုံဖော်ပြတတ်ပါတယ်။ တစ်ခါတလေမှာ စိတ်က ခံစားနေရတဲ့ နာကျင်မှုတွေကို စကားလုံးနဲ့ ထုတ်မပြနိုင်တဲ့အခါ ဒါမှမဟုတ် စိတ်ထဲမှာပဲ ဖိနှိပ်ထားတဲ့အခါ ခန္ဓာကိုယ်က ဝေဒနာအနေနဲ့ အချက်ပေးလာတတ်ပါတယ်။ ဒါဟာ “အတွင်းစိတ်” က အကူအညီတောင်းနေတဲ့ အသံပဲ ဖြစ်ပါတယ်။ ဒီလို စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို Somatic Pain လို့ခေါ်ကြပါတယ်။

Somatic Pain ဆိုတာဘာလဲ??

Somatic Pain ဆိုတာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဒဏ်ရာ (Psychological distress) တွေကနေတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာမှာ တကယ်နာကျင်တဲ့ ဝေဒနာတွေအဖြစ် ပြောင်းလဲဖြစ်ပေါ်တာကို ခေါ်ပါတယ်။ နာကျင်မှုတွေ တကယ်ခံစားနေရပေမယ့် ဆေးစစ်လိုက်တဲ့အခါမှာလဲ ဘာရောဂါမှမတွေ့ရတတ်ပါဘူး။ ဒါဟာ အထင်မှားတာမဟုတ်ပါဘူး၊ ဝေဒနာက တကယ်နာကျင်တာဖြစ်ပေမယ့် အရင်းအမြစ်ကတော့ “စိတ်” မှာ ရှိနေတာမို့လို့ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ နာကျင်မှုဟာ ရောဂါတစ်ခုတည်းကြောင့် မဟုတ်ဘဲ “မင်း စိတ်ပင်ပန်းနေပြီ၊ နားဖို့လိုပြီ” လို့ သတိပေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုက စိတ်ပိုင်းဆိုင်ရာကုစားမှုခရီးကို လမ်းညွှန်နေတာဖြစ်နိုင်လို့… ကျန်းမာရေးအရ လျစ်လျူမရှုပဲ သေချာအရေးတယူပြုပေးပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။😊

Motivational Interviewing သင်တန်း ပရိုဂရမ် ပြီးမြောက်ခြင်း

ကျွန်ုပ်တို့သည် လိုင်စင်ရ စိတ်ပညာရှင် Dr. Benjamin Weinstein (PhD) နှင့်အတူ Motivational Interviewing (MI) ဆိုင်ရာ အထူးလေ့ကျင့်ရေးသင်တန်းကို မကြာသေးမီက အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။ Motivational Interviewing ဆိုသည်မှာ နှစ်သိမ့်ဆွေးနွေးမှု ခံယူသူကို ဗဟိုပြုသည့် ချဉ်းကပ်မှုပုံစံတစ်ခု ဖြစ်ပြီး၊ ကုထုံးတစ်ခု၏ အခက်ခဲဆုံးအပိုင်းဖြစ်သော “တုံ့ဆိုင်းနေသည့် စိတ်အခြေအနေများကို ဖြေရှင်းပေးရန်” နှင့် “ပြောင်းလဲလိုစိတ် ဖြစ်ပေါ်လာစေရန်” တို့ကို အဓိကထား ကူညီပေးခြင်း ဖြစ်ပါသည်။
ဤကဲ့သို့သော လေ့ကျင့်မှုများကို ပြုလုပ်ပေးခြင်းဖြင့် Professional Counsellor Pathway အနေဖြင့် မြန်မာနိုင်ငံရှိ နှစ်သိမ့်ဆွေးနွေးပညာရှင်များအတွက် လိုအပ်သော ပံ့ပိုးမှု၊ ကြီးကြပ်မှုနှင့် ကျွမ်းကျင်မှုများကို ရရှိစေရန်နှင့် ဘေးကင်းထိရောက်စွာ လက်တွေ့အသုံးချနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပါသည်။ အကယ်၍ သင်သည် Professional Counsellor Pathway တွင် ပါဝင်လိုပါက professionalcounsellormm@gmail.com သို့ အီးမေးလ် ပေးပို့၍ ဆက်သွယ်နိုင်ပါသည်။

သင်္ကြန်ကာလ စိတ်ကျန်းမာရေးနှင့် ကိုယ်စိတ်ရွှင်လန်းစေမည့် အစီအစဉ်

နှစ်သစ်ကူးကာလ နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့အားလုံးသည် စိတ်သစ်လူသစ်ဖြင့် အသစ်ကစတင်ရန် နည်းလမ်းများကို ရှာဖွေလေ့ရှိကြပါသည်။ Counselling Corner အနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များအားလုံး ခဏတာအနားယူရင်း၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး အတူတကွ ဂုဏ်ပြုနိုင်စေရန် ရည်ရွယ်၍ “Thingyan Well-being Package” ကို စီစဉ်ပေးထားပါသည်။
ဤအစီအစဉ်ကို လက်ဆောင်တစ်ခုသက်သက်ထက် ပိုစေလိုပြီး သင်္ကြန်ပွဲတော်၏ အနှစ်သာရဖြစ်သော “နှစ်ဟောင်းမှအညစ်အကြေး ဆေးကြောသန့်စင်ခြင်း” ဆိုသည့် အလေ့အထကို ရုံးခန်းအတွင်းသို့ ယူဆောင်လာပေးခြင်းလည်း ဖြစ်ပါသည်။ Package တစ်ခုချင်းစီတွင် အောက်ပါတို့ ပါဝင်ပါသည် –

  • Emotions Game နှင့် Reflective Journal: အလုပ်များလှသည့် နှစ်တစ်နှစ်အပြီးတွင် ဝန်ထမ်းများ မိမိတို့၏ စိတ်ခံစားမှုကို အေးအေးချမ်းချမ်း ပြန်လည်ဆန်းစစ်နိုင်မည့် ပစ္စည်းများ။
  • “Splash Away” စိတ်ခံစားမှုဘုတ်ပြား: စိတ်ဖိစီးမှုဟောင်းများကို ချရေးပြီး သင်္ကေတတစ်ခုအနေဖြင့် “ဆေးကြောသန့်စင်” ကာ နှစ်သစ်ကို စိတ်ကြည်လင်စွာဖြင့် ကြိုဆိုနိုင်မည့် ဖန်တီးမှုအစီအစဉ်။
  • တစ်ဦးချင်း နှစ်သိမ့်ဆွေးနွေးမှု (Counselling) လက်ဆောင်ကတ်များ: မိမိကိုယ်ကိုယ် သို့ မိမိချစ်ခင်ရသူတွေကို ဂရုစိုက်လိုသူများအတွက် ပရော်ဖက်ရှင်နယ် အကူအညီများ ရရှိနိုင်စေရန် ထည့်သွင်းပေးထားခြင်း ဖြစ်ပါသည်။
  • သင်္ကြန်ရိုးရာ အငွေ့အသက်များ: ရုံးခန်းအတွင်း ပျော်ရွှင်လန်းဆန်းစေရန် ပိတောက်ပန်းများအတာအိုး နှင့် ပျော်ရွှင်စွာ ဆော့ကစားရန် ရေပြွတ်များ ပါဝင်ပါသည်။

အထူးအစီအစဉ်အနေဖြင့် ဤ Package ကို ဝယ်ယူသည့် ကုမ္ပဏီတစ်ခုချင်းစီအတွက် သီးသန့် Webinar (Exclusive Webinar) တစ်ခုကိုလည်း စီစဉ်ပေးသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်သည် ဝန်ထမ်းများအချင်းချင်း ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုနိုင်ရန်၊ ဗဟုသုတများ လေ့လာရန်နှင့် ကုမ္ပဏီ၏ တန်ဖိုးထားမှုကို ခံစားရစေရန်အတွက် သီးသန့်ပေးအပ်သည့် အချိန်လေးဖြစ်ပါသည်။ သင့်အဖွဲ့သားများအတွက် ဤအတွေ့အကြုံကို ရယူပေးလိုပါက ၀၉-၉၆၉၀၅၄၉၇၈ သို့ ဆက်သွယ်နိုင်ပါသည်။ အဓိပ္ပာယ်ရှိသော နှစ်သစ်ကူးပွဲတော်ဖြစ်စေရန် ကျွန်ုပ်တို့ဘက်မှ ဝမ်းမြောက်စွာ ကူညီပေးပါမည်။

Beer O’Clock နှင့် SPACE 17 တို့နှင့် ပူးပေါင်းဆောင်ရွက်မှု

Beer O’Clock နှင့် SPACE 17 တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် လတ်တလော အစီအစဉ်လေးများကို မျှဝေပေးလိုပါသည်။
နေ့စဉ်လူနေမှုဘဝထဲတွင် စိတ်ကျန်းမာရေး အသိပညာများ ရောက်ရှိစေရန် လူကြိုက်များသည့် နေရာများတွင် ကျွန်ုပ်တို့၏ Emotions Game ကို မိတ်ဆက်ပေးခဲ့ပါသည်။ လာရောက်သူများသည် ဂိမ်းကစားရင်း၊ လူမှုကွန်ရက်တွင် မျှဝေရင်း စားသောက်ဖွယ်ရာများနှင့်အတူ စိတ်ဝင်စားစရာ စကားဝိုင်းများ ဖန်တီးနိုင်ခဲ့ကြပါသည်။
ဤကဲ့သို့ စိတ်အပန်းပြေစေမည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်မြောက်အောင် ကူညီပေးခဲ့သည့် Beer O’Clock နှင့် SPACE 17 အဖွဲ့သားများကို အထူးကျေးဇူးတင်ရှိပါသည်။ သင်၏ လုပ်ငန်းခွင် သို့မဟုတ် လူမှုအဖွဲ့အစည်းတွင်လည်း ဤကဲ့သို့ အစီအစဉ်များ ပြုလုပ်လိုပါက ၀၉-၉၆၉၀၅၄၉၇၈ သို့ ဆက်သွယ်နိုင်ပါသည်။

Counselling Corner မန္တလေးရုံးခွဲမှ အဖွဲ့သားများ၏ ရင်ဖွင့်စကားသံများ

“အဆင်ပြေနေပြီလို့ ထင်နေပေမယ့် တစ်ခါတစ်လေတော့ ကိုယ်မြင်နေကျ အချို့နေရာလေးတွေ မရှိတော့တာ၊ လစ်ဟာသွားတာလေးတွေက စိတ်ထဲကို ဝမ်းနည်းမှုတွေ၊ လွမ်းဆွတ်မှုတွေ ဖြစ်လာသလို ဆုံးရှုံးမှုကြီးတွေ ကြုံတွေ့ခဲ့ရသူတွေအတွက်လည်း စာနာခံစားမိပါတယ်။” — မေသူ

“တစ်နှစ်တော့ ကုန်သွားခဲ့ပြီ… အဲ့နေ့က ခံစားချက်တွေက အခုထက်ထိ ရင်ထဲမှာ ကျန်ရှိနေနိုင်ပါတယ်။ ‘အမှတ်မရသင့်တော့ဘူးလို့’ ကိုယ့်ကိုကိုယ် ဖိအားမပေးပါနဲ့။ အမှတ်ရတယ်ဆိုတာ သဘာဝပါပဲ။” — ချစ်မင်းခန့်

“လူတိုင်းက လဲကျပြီး ပြန်ထရတာ သဘာဝပဲမို့ အတူတူ ကျော်ဖြတ်ကြစို့။” — သင်းရတနာစု

“တစ်နှစ်ပြည့်သွားခဲ့ပါပြီ၊ ဒါပေမယ့် အချို့အရာတွေက မနေ့ကလိုပဲ ခံစားရနိုင်ပါတယ်။ အဲဒီလို ခံစားနေရင်လည်း အဆင်ပြေပါတယ်။ ဒီလိုခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာလေးကို အမှတ်ရပေးပါနော်။” — ခင်

“ငလျင်လှုပ်ခတ်ပြီး တစ်နှစ်အကြာမှာ နာကျင်စရာ အမှတ်တရတွေ ပြန်ပေါ်လာတာဟာ သဘာဝပါပဲ။ ဒီလိုခံစားရတာ ပုံမှန်ပဲဆိုတာကို သတိရပေးပါ။ စိတ်ဒဏ်ရာ ကုစားမှုမှာ သတ်မှတ်ထားတဲ့ အချိန်ဇယားမရှိတာမို့ မိမိကိုယ်ကိုယ် စိတ်ရှည်သည်းခံပြီး နူးညံ့စွာ ဆက်ဆံပေးပါ။” — နီလာ

“ဒီအချိန်မှာ စိတ်ပူပန်မှုတွေ ပြန်လည်ခံစားရနိုင်ပါတယ်။ ဒီလိုခံစားချက်တွေဟာ သဘာဝကျပါတယ်၊ ဖြစ်တတ်ပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ပြီး မိသားစု၊ မိတ်ဆွေများနှင့် အချင်းချင်း အားပေးကူညီကြပါစို့။ လုံခြုံကျန်းမာကြပါစေ။” — အိမ့်ဝေ

Beyond the Earthquake: ဆုံးရှုံးမှုနှင့် ပူဆွေးမှုများကို ကျော်ဖြတ်ခြင်း

မတ်လ ၂၈ ရက်နေ့သည် လူအများ၏ ဘဝကို ပြောင်းလဲစေခဲ့သည့် ငလျင်လှုပ်ခတ်မှု (၁) နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ ထိုကဲ့သို့ အဖြစ်အပျက်များကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသာမက ရင်ထဲတွင် မမြင်နိုင်သော ဆုံးရှုံးမှုများ အိမ်မက်များ ပျောက်ဆုံးခြင်း၊ တည်ငြိမ်သော ဘဝတစ်ခု ဆုံးရှုံးခြင်းနှင့် မျှော်လင့်ထားသည့် အနာဂတ်များ ပျောက်ကွယ်သွားခြင်းတို့ကို ခံစားရလေ့ရှိပါသည်။
ဤခက်ခဲသောကာလတွင် အားပေးကူညီနိုင်ရန် “Beyond the Earthquake: Dealing with Loss & Grief” အမည်ရှိ အထူးအစီအစဉ်ကို ပြုလုပ်သွားမည် ဖြစ်ပါသည်။ ဤ Workshop တွင် ဆုံးရှုံးမှုများကို မည်သို့ရင်ဆိုင်ရမည်နှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ပြန်လည်တည်ဆောက်နည်းများကို အဓိက ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကျွမ်းကျင်ကောင်ဆယ်လာများနှင့်အတူ အောက်ပါအစီအစဉ်များတွင် ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။
မန္တလေးရုံးတွင် ပြုလုပ်မည့် အခမဲ့ ဆွေးနွေးပွဲ (လူကိုယ်တိုင်)
ရက်စွဲ: မတ်လ ၂၆ ရက်
အချိန်: မွန်းလွဲ ၃:၀၀ နာရီ မှ ၄:၀၀ နာရီအထိ
နေရာ: Counselling Corner မန္တလေးရုံး
အခမဲ့ အွန်လိုင်း ဝက်ဘီနာ (Online Webinar)
ရက်စွဲ: မတ်လ ၂၈ ရက်
အချိန်: မွန်းလွဲ ၃:၀၀ နာရီ မှ ၄:၀၀ နာရီအထိ

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading