တိမ် ☁️

By တိမ်ရဲ့ အချစ်ရဆုံးကြောင်လေး, Puse

တောင်ပေါ်ဒေသတစ်နေရာ။ အိမ်ရဲ့ အရှေ့ဖက်မှာ ​ရေပြင်ကျယ်နဲ့ တောင်တန်းတွေရှိသလို၊ အိမ်ရဲ့

နောက်ဖက်မှာလည်း တောင်ကုန်းတွေ စိမ်းစိုနေတတ်တယ်။ ဆောင်းရာသီရဲ့ နေဝင်ချိန်က

အေးစက်မှုနဲ့နွေးထွေးမှု ကြားက တိုတောင်းလှတဲ့အခိုက်အတန့်လေး တစ်ခု။ ဒီလိုနေဝင်ချိန်တွေဆို

အိမ်ရဲ့ ခြံစည်းရိုးထောင့်ပေါ်မှာ ထိုင်ရင်း အချိန်ကုန်ဆုံးဖြစ်တယ်။ လေတစ်ချက်ဝှေ့သွားတိုင်း

ခြံစည်းရိုးဘေးက နံ့သာဖြူပင်ကနေ အရွက်တွေ ကြွေကျသွားတတ်တယ်။ တစ်ခါတလေလည်း

မလှမ်းမကမ်းမှာရှိတဲ့ ပြတင်းပေါက်နားက အဖြူရောင် လိုက်ကာစတွေကို ဖြတ်ကျော်ပြီး “တိမ်”ရဲ့

အခန်းထဲကို ဝင်သွားတတ်တယ်။

“တိမ်”ဟာ အသက်၂၀ လူငယ်တစ်ယောက်။ မျက်ခုံးမွေးထူပြီး အညိုရောင် မျက်လုံးတွေ

ပိုင်ဆိုင်ထားတယ်။ လမ်းလျှောက်တတ်စ,အရွယ်မှာ တိမ်တွေကို ကြည့်ပြီး ရီနေတတ်တဲ့ကလေးမို့

အားလုံးက “တိမ်”လို့ခေါ်ခဲ့ကြတယ်။ “တိမ်”ကိုစတွေ့တုန်းက တော်တော်စိမ်းတယ်။

အနားမကပ်သလို စကားလည်းမပြောခဲ့ဘူး။ ဒါပေမယ့် “တိမ်” က ဒီနံ့သာဖြူပင်ရဲ့အောက်မှာ

စာဖတ်လေ့ရှိတော့ အချိန်တော်တော်များများကို တူတူကုန်ဆုံးဖြစ်ကြတယ်။ စကားတွေတော့

မပြောဖြစ်ခဲ့ဘူးပေါ့။

“တိမ်”က တိမ်ဆိုတဲ့အတိုင်းပဲ ဖြူစင်တယ်၊ လိမ်လည်း လိမ္မာတယ်၊ စာတော်တယ်၊

အလုပ်အရမ်းကြိုးစားတယ်၊ လူကြီးတွေ အပေါ်သိတတ်နာခံတတ်ပြီး တစ်အိမ်လုံးက အားကိုးရတဲ့

လူငယ်လေးတစ်ယောက်ဖြစ်တယ်။ အဲ့လိုလုပ်ပေးလို့ “တိမ်”က မိသားစုထဲမှာ အချစ်ခံရပြီး

တန်ဖိုးထားခံရတဲ့နေရာမှာတော့ ရှိမနေပါဘူး။ “တိမ်”ရဲ့ မိသားစုက ဘဝမှာ

“တိမ်”ကြိုးစားသမျှတွေကို အသိအမှတ်ပြုလေ့မရှိဘူး။ ဒါပေမယ့် ဒီထက်ပိုလုပ်ပေးဖို့ကိုပဲ

ထပ်ခါထပ်ခါတောင်းဆိုတတ်ကြတယ်။ အဲ့လိုတောင်းဆိုတိုင်းလည်း “တိမ်”က

ဖြည့်ဆည်းပေးတတ်ပါတယ်။ ဒါပေမယ့် “တိမ်”စိတ်ထဲမှာ ဘာခံစားချက်မှ

မဖြစ်တာမျိုးတော့မဟုတ်ပါဘူး။ တစ်ခါတလေ ဒီသစ်ပင်အောက်မှာ ဒီမိသားစုမှာ နေရတာ

သူဘယ်လောက်ပင်ပန်းတဲ့အကြောင်း၊ တစ်ခါတလေ အဝေးကြီးကို ထွက်သွားပစ်ချင်ပေမယ့်

သူ့ဘဝမှာ ဘယ်လောက်လွတ်လပ်ခွင့်မရှိတဲ့အကြောင်းတွေ ပြောပြရင်

တိတ်တိတ်လေးစိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ဘားမှတော့မပြောဖြစ်ဘူး။ သူ့ဘေးနားမှာ

တိတ်တိတ်လေးအတူရှိပေးလိုက်တာပဲ။ သူ့အတွက် ဒါကအများကြီး စိတ်ထွက်ပေါက်ရတယ်လို့တော့

“တိမ်”ကပြောတာပဲ။

“တိမ်”နဲ့ ကိုယ်နဲ့ဆက်ဆံရေးက စကားလုံးမရှိပေမယ့် တော်တော် ရင်းနှီးပါတယ်။ တစ်ခါတလေ

အတူကစားတာရှိသလို၊ တစ်ခါတလေ ဘားမှမပြောဘဲ တူတူအချိန်ထိုင်ဖြုန်းကြတာရှိတယ်။

အမြဲတမ်းတော့ “တိမ်”က ကိုယ်စားချင်တာတွေ ယူလာပေးတတ်တယ်။ “တိမ်”ကတော့ သူ့ဘဝရဲ့

အကြောင်းအရာတိုင်းကို ထိုင်ပြောနေတတ်တာ။ “တိမ်”က ရည်မှန်းချက်ကြီးပြီး

တီထွင်နိုင်စွမ်းကောင်းတဲ့သူတစ်ယောက်။ သူ့အတွက် ကိုယ်က ဘယ်လိုမျိုးလည်းမသိပေမယ့်၊

ကိုယ့်အတွက် သူကတော့ သူငယ်ချင်းလို အစ်ကိုလို ယုံကြည်အားကိုးရတဲ့ လူတစ်ယောက်ပါပဲ။

“တိမ်”ကျောင်းတက်တဲ့ ကာလတွေမှာ ဒီနေရာက အထီးကျန်ဖို့ကောင်းတယ်။ တစ်ခါတလေ

အိမ်ရှေ့ထွက်ပြီး သူပြန်လာဖို့ကိုပဲ စောင့်နေမိတာ။ တစ်ခါတုန်းက မိုးရွာကြီးထဲ ဒဏ်ရာရ

မိုးမိပြီးပြန်လာတော့ သေချာဆေးထည့်ပေး၊ နွေးထွေးအောင်လုပ်ပေးတာ။ မိုးကြိုးတွေ

အရမ်းပစ်တော့ ကြောက်နေတဲ့အချိန် သူ့ဘေးနားမှာ ပေးအိပ်သေးတာ။ အဲ့လိုညမျိုးတွေဆို

“တိမ်”က အိပ်

ရာထဲမှာ သီချင်းလေးတစ်ပုဒ် အမြဲ ဆိုညည်းတတ်လေ့ရှိတယ်။

“don't stay awake for too long …

don’t go to bed …

i’ll make a cup of coffee for your head ..

i’ll get you up and going out of bed … ”

ဒီတစ်ခေါက် “တိမ်”ပြန်လာတော့ မိသားစုက အဝေးကိုထွက်သွားကြတယ်။ မိသားစုနဲ့ ဝေးသွားတာမို့

“တိမ်” အနားရတယ်လို့ ထင်ခဲ့ပေမယ့် “တိမ်”ကတော့ လှောင်အိမ်ထဲက ထွက်လာနိုင်ခဲ့လည်း

ခြေထောက်မှာ ကြိုးချည်ခံရထားရတဲ့ ငှက်တစ်ကောင်လိုပဲ အမြဲခံစားရတယ်လို့ပြောတယ်။

ဒီမိသားစုရဲ့ ဖြစ်စေချင်တဲ့ အရာတိုင်း ရည်မှန်းချက်တိုင်းကို ဖြည့်ဆည်းပေးနေတဲ့ “တိမ်”ဟာ

ဘယ်နေရာရောက်ရောက် ဘယ်တော့မှ လွတ်မြောက်တယ်လို့ မခံစားရမှာကို နားလည်လိုက်တယ်။

ဒီလိုနဲ့ အိမ်မှာတစ်ယောက်တည်း အိမ်စောင့်ကျန်ခဲ့ရင်း တစ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာ

“တိမ့်”အတွက် ကြောက်စရာကောင်းတဲ့ ကိစ္စကြီးတစ်ခု ဒီနေရာမှာဖြစ်ခဲ့တယ်။ အဲ့အချိန်ဟာ

ညဖက်ကြီး။ ဆူညံသံတွေ တဖြည်းဖြည်း ကျယ်လောင်လာတာ သတိထားမိတယ်။ ကိုယ်လည်း

လန့်ဖြန့်နေမိတာ မကြာလိုက်ခင်မှာပဲ ဒီနေရာတစ်ခုလုံး ရိုက်ခက်တုန်ခါသွားခဲ့တယ်။ အရာအားလုံး

ပြိုလဲလာသလိုခံစားရတော့ ပြေးမိပြေးရာ ပြေးမိခဲ့တယ်။ “တိမ်”ကတော့ အိမ်ထဲမှာ ကျန်နေခဲ့တယ်။

သူတစ်ယောက်တည်း အမှောင်ထဲ အားကိုးရာမရှိ ပိတ်မိနေခဲ့တာ။ အချိန်တစ်ခုကြာတော့

တုန်ခါမှုတွေငြိမ်သက်သွားတယ်။ အပျက်အစီးတွေကြားထဲ “တိမ်”ကို အိမ်နားကလူတွေ

လာတွေ့တယ်။ “တိမ်”အသက်ရှင်နေသေးပေမယ့် ဒဏ်ရာတချို့ရခဲ့တယ်။ “တိမ့်”ဆီက ခပ်သဲ့သဲ့

စကားလုံးတချို့ထွက်လာတဲ့အခါမှာ သူနဲ့အတူရှိနေခဲ့တဲ့ ကြောင်လေးကို ရှာပေးဖို့ပြောနေလေရဲ့။

“တိမ်”က အဲ့လိုပဲ။ သူ့ကိုယ်သူထက် တခြားသူကို ပိုဂရုစိုက်တတ်တာ။

သူ့ဘေးနားကို ဖုန်တွေပေနေတဲ့ ကိုယ့်ရဲ့ အသက်မရှုတော့တဲ့ ခပ်နွေးနွေး ခန္ဓာကိုယ်ကို ယူသွားပေးရင်

ဖက်ပြီး အကြာကြီး ရှိုက်ငိုနေမလား။ ဒီတစ်ခါတော့ အရင်လို ခေါင်းလေးတိုးပြီး

လာမနှစ်သိမ့်ပေးနိုင်တော့ဘူး ထင်ပါရဲ့။ ဆက်လက်ပြီး နေထိုင်သွားမယ့် ဘဝကြီးမှာ ကိုယ့်အတွက်

လွတ်လပ်မှုကို ကိုယ့်ကိုယ်ကို ဖြည့်ဆည်းပေးနိုင်ပါစေ “တိမ်”ရေ … ။

ကိုယ့်ခြေထောက်က ကြိုးလေးကို ဖြုတ်ပြီး ပျံသန်းချင်ရာသို့ ပျံသန်းပါ .. နောက်တော့

ပြန်ဆုံနိုင်အုံးမယ်မလား။

တိမ်ရဲ့ အချစ်ရဆုံးကြောင်လေး,

Puse

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading