သတင်းစာစဉ် – ဧပြီလ ၂၀၂၆

အမူအကျင့်ဆိုင်ရာ စွဲလမ်းမှုများအကြောင်း နားလည်ခြင်း

တစ်ခါတစ်လေ ဖုန်းကို မသုံးချင်ဘဲ သုံးနေမိတာ၊ ဈေးဝယ်ပြီးရင် နောင်တရပေမဲ့ နောက်နေ့ ပြန်ဝယ်မိတာ… ဒါတွေက ကိုယ့်စိတ်အားနည်းတာ မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ယန္တရားကြောင့်ပါ။

Behavioural Addiction ဆိုတာဘာလဲ??

စွဲလမ်းမှုဆိုတာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး စတဲ့ အရာဝတ္ထုတွေတင် မဟုတ်ပါဘူး။ Social Media ကို နာရီနဲ့ချီပြီး သတိလက်လွတ်သုံးတာ (Doom-scrolling)၊ ဈေးဝယ်တာ (Shopaholic)၊ အစားအလွန်အကျွံစားတာ (Binge Eating) ဒါမှမဟုတ် အလုပ်ပဲ ဖိလုပ်နေတာ (Workaholic) စတဲ့ “အပြုအမူ” တွေဟာလည်း အပြုအမူစွဲလမ်းမှု (Behavioral Addiction) တွေထဲမှာ ပါဝင်ပါတယ်။ ဒါဟာ စိတ်ထဲက ဟာကွက် (သို့) လိုအပ်ချက်တစ်ခုခုကို ဒါတွေနဲ့ အစားထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

စွဲလမ်းမှုရဲ့ ယန္တရား (Dopamine Reward System)

လူတွေဟာ တစ်ခုခုလုပ်လို့ ပျော်သွားတဲ့အခါ ဦးနှောက်ကနေ Dopamine (ပျော်ရွှင်မှုဟော်မုန်း) တွေ ထွက်လာပါတယ်။ ဒီအပြုအမူကို ထပ်ခါတလဲလဲ လုပ်တဲ့အခါ ဦးနှောက်က ဒီ Dopamine ကိုပဲ ဆက်တိုက် တောင်းဆိုလာပါတော့တယ်။ အဲ့ဒီအခါ အဲ့ဒီအလုပ်ကို မလုပ်ရရင် မနေနိုင်တာ၊ မလုပ်ရင် စိတ်တိုလာတာမျိုးတွေ ဖြစ်လာပါတယ်။ (ဥပမာ− Like များရင် သဘောကျတယ်၊ ပျော်တယ်၊ ဒါကြောင့် Like များများရအောင် ကြံတယ်။ မရရင် ဒေါသထွက်တယ်။) ဒါဟာ စိတ်ထဲမှာ ရှိနေတဲ့ အနှုတ်သဘော ခံစားချက် (သို့) နာကျင်မှုကို ရှောင်လွှဲဖို့ (Maladaptive Coping Mechanism) အနေနဲ့ သုံးနေတာလည်း ဖြစ်နိုင်ပါတယ်။

ဦးနှောက်က ဒီဟာကွက်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါ့မလား?

လူ့ဦးနှောက်မှာ Neuroplasticity လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိပြီး အလေ့အကျင့်သစ်တွေပေါ် မူတည်ပြီး အာရုံခံလမ်းကြောင်းသစ်တွေကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။ စွဲလမ်းမှုဖြစ်နေချိန်မှာ ဦးနှောက်ရဲ့ Reward System က ပျက်စီးနေတဲ့ ဆားကစ်လို ဖြစ်နေတတ်ပေမယ့် အကျင့်ဟောင်းတွေအစား ကျန်းမာတဲ့ အလေ့အကျင့်သစ်တွေကို ဖြေးဖြေးချင်းလုပ်သွားမယ်ဆိုရင်… reward system ကို ပြန်ပြုပြင်ရာရောက်ပြီး စိတ်ပိုင်းဆိုင်ရာ ဟာကွက်တွေကိုပါ ပြန်လည်ဖြည့်တင်းပေးသွားနိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် ADHD ကဲ့သို့ Neurodivergent ဖြစ်သူတွေအနေနဲ့လဲ မိမိဦးနှောက်အလုပ်လုပ်ပုံကို နားလည်ထားမယ်ဆိုရင်… အကျင့်တွေကို စနစ်တကျ ပြန်လည်ပြုပြင်နိုင်ပြီး အပြုအမူစွဲလမ်းမှု သံသရာကနေ အောင်မြင်စွာ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။

လူကြီးမင်းတို့ရော… အကျိုးမရှိမှန်းသိတယ် ကိုယ့်ကိုထိခိုက်နေမှန်းသိပေမယ့် မဖြတ်နိုင်ဘဲ စွဲလမ်းနေမိတဲ့ အကျင့်လေးတွေ ရှိလား? အဲ့ဒါကို ဘယ်လိုမျိုး ပြောင်းလဲဖို့ ကြိုးစားနေလဲ မျှဝေပေးခဲ့ပါဦး။

Addiction Group Counselling

ကျွန်ုပ်တို့၏ ပထမဆုံးအုပ်စု ဆွေးနွေးမှုများ ပြီးဆုံးတော့မည်ဖြစ်ရာ အခက်အခဲများကို တစ်ယောက်တည်း မဟုတ်ဘဲ အစုအဖွဲ့တစ်ခုအတွင်း အတူတကွ နားလည်ကျော်ဖြတ်ခြင်းက မည်မျှအထောက်အကူဖြစ်စေကြောင်း မြင်တွေ့ခဲ့ရပါသည်။ ယခုအခါ နောက်ထပ် အသုတ်သစ်အတွက် စာရင်းများ စတင်လက်ခံနေပြီဖြစ်ပြီး စွဲလမ်းမှု၏ အကြောင်းရင်းခံများကို လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုတွင် အတူတကွ ရှာဖွေဖော်ထုတ်လိုပါက အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

  • Dates: 2 May to 20 June (Every Saturday)
  • Time: 3:00 PM – 5:00 PM
  • Location: Online (Zoom)
  • Price: 120,000 MMK

Counselling Corner အဖွဲ့သားများ၏ သင်္ကြန်အကြို စိတ်အပန်းဖြေမှု အစီအစဉ်

သင်္ကြန်ပွဲတော် မတိုင်ခင်မှာ အလုပ်တွေကို ခေတ္တရပ်နားပြီး စိတ်အပန်းဖြေဖို့ အချိန်သီးသန့်ပေးရတာဟာ တကယ်ကို ထူးခြားတဲ့ ခံစားချက်တစ်ခုပါ။ မကြာသေးမီက ကျွန်ုပ်တို့ Counselling Corner အဖွဲ့သားတွေဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ Well-being Package လေးနဲ့အတူ အတူတကွ အချိန်ကုန်ဆုံးခဲ့ကြပါတယ်။ ဒါဟာ ကျွန်ုပ်တို့အားလုံးအတွက် တကယ်ကို လိုအပ်နေတဲ့ စိတ်အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အားလုံးတက်ကြွစွာနဲ့ Emotions Game ကစားကြတာ၊ “Splash Away” board မှာ ရယ်ရယ်မောမောနဲ့ စိတ်ဖိစီးမှုတွေကို ဆေးကြောသန့်စင်ခဲ့ကြတာတွေဟာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ အမှတ်တရကောင်းတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။ တစ်နှစ်တာလုံးစာ စုမိနေတဲ့ စိတ်ဖိစီးမှုတွေကို အတူတူ မျှဝေထုတ်ဖော်လိုက်ရတဲ့အခါ စိတ်ထဲမှာ တကယ်ကို ပေါ့ပါးသွားတာကို ခံစားခဲ့ရပါတယ်။ 💦🌸

သင်္ကြန်အားလပ်ရက် မတိုင်ခင်မှာ ကိုယ့်ဝန်ထမ်းတွေကို တန်ဖိုးထားကြောင်း ပြသချင်တယ်၊ စိတ်ကြည်လင်လန်းဆန်းစေချင်တယ်ဆိုရင်တော့ ဒီ Package လေးတွေကို အခြားသော အဖွဲ့အစည်းတွေအတွက်လည်း မှာယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဤအစီအစဉ်ဟာ ကျွန်ုပ်တို့ရဲ့ လှပတဲ့ ရိုးရာဓလေ့တွေကို ဂုဏ်ပြုရင်း ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဝန်ထမ်းများအတွက် သီးသန့် Well-being Webinar အစီအစဉ်အပါအဝင် Package တစ်ခုလုံးအတွက် ကျသင့်ငွေမှာ ၈၀၀,၀၀၀ ကျပ် (800,000 MMK) ဖြစ်ပါသည်။
သင့်အဖွဲ့အစည်းအတွက် ဤအတွေ့အကြုံကို ရယူပေးလိုပါက ၀၉-၇၈၅၀၇၄၁၇၃ (သို့မဟုတ် ၀၉-၉၆၉၀၅၄၉၉၇၈) သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

Australian Counselling Association (ACA) မှ ပညာရှင်နှင့်အတူ အထူးသင်တန်း ပြုလုပ်ခြင်း

ကျွန်ုပ်တို့၏ လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ နှစ်သိမ့်ဆွေးနွေးပညာရှင် အသိုက်အဝန်းနှင့် အစဉ်တစိုက် ချိတ်ဆက်ဆောင်ရွက်နေခြင်းသည် အလွန်အရေးကြီးသည်ဟု ယုံကြည်ပါသည်။ မကြာသေးမီက ကျွန်ုပ်တို့ Counselling Corner သို့ Australian Counselling Association (ACA) မှ စေတနာ့ဝန်ထမ်း ပညာရှင်ဖြစ်သူ Judith Shepherd-Pemell လာရောက်ပြီး ကျွန်ုပ်တို့၏ အဖွဲ့သားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Judith သည် သူမ၏ ခရီးစဉ်အတွင်း ကျွန်ုပ်တို့၏ Counsellor များအတွက် အလွန်အရေးကြီးသည့် စွဲလမ်းမှုဆိုင်ရာ အထူးသင်တန်း (Addiction Support Training) ကို သူမ၏ ကျယ်ပြန့်သော အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ပို့ချပေးခဲ့ပါသည်။ ဤသည်မှာ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်တစ်ဦးထံမှ တိုက်ရိုက်သင်ယူခွင့်ရရှိခဲ့သည့် အဖိုးတန် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။

ဤအင်တာဗျူးတွင် Judith က သူမ၏ နှစ်သိမ့်ဆွေးနွေးပညာရှင် ဘဝခရီးစဉ်အကြောင်းနှင့် Cousnelling Corner တွင် Volunteer အဖြစ် လာရောက်ကူညီခဲ့သည့် အတွေ့အကြုံများကို ပြောကြားထားပါသည်။ ထို့အပြင် အခြားသူများကို ကူညီပေးနေသည့် အချိန်တွင် မိမိကိုယ်ကိုယ် မည်သို့ စိတ်ဓာတ်ကြံ့ခိုင်အောင် ထားရှိရမည်ဆိုသည့် အကြံပြုချက်များကိုလည်း မျှဝေပေးထားပါသည်။ Judith နဲ့ အင်တာဗျူး ဗီဒီယိုအပြည့်အစုံကို YouTube မှာ ဒီနေရာကနေ ကြည့်ရှုနိုင်ပါတယ် https://youtu.be/gAp6LQpFihk?si=gUJliLOkmi21Uip7

Trauma Writing Workshop အောင်မြင်စွာ ပြီးမြောက်ခြင်း

ကျွန်ုပ်တို့၏ Trauma Writing Workshop (Batch 2) ကို မကြာသေးမီက အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။ သင်တန်းသားများက မိမိတို့၏ စိတ်ဒဏ်ရာနှင့် နာကျင်မှုများကို အနုပညာအဖြစ် ပြောင်းလဲကာ ကုစားမှုခရီးစဉ်အကြောင်း ဇာတ်လမ်းများကို စိတ်အားထက်သန်စွာ ရေးသားခဲ့ကြသည်မှာ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါသည်။
ဤသင်တန်းတွင် AES Myanmar – Creative Media Institute မှ ဆရာတစ်ဦးလည်းဖြစ်၊ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်သူ ကိုရော်ဘတ်ဝင်းထိန် က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပြီး ဇာတ်ကောင်များ၏ စိတ်နေစိတ်ထားကို ပီပြင်စွာ ပုံဖော်နည်းများကို မျှဝေပေးခဲ့သည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။
ထပ်မံတက်ရောက်လိုသူများအတွက် Batch 3 ကို မေလတွင် ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ မိမိ၏ ရေးသားမှုများတွင် စိတ်ပညာဆိုင်ရာ အယူအဆများကို ပေါင်းစပ်ပြီး ပိုမိုနက်နဲသော အနုပညာလက်ရာများ ဖန်တီးလိုသူများကို ဖိတ်ခေါ်အပ်ပါသည်။

ရက်စွဲ: မေလ ၁၁ ရက် မှ ၁၅ ရက်အထိ

အချိန်: ညနေ ၆ နာရီ မှ ၈ နာရီအထိ

နေရာ: Online (Zoom)

စိတ်ကျန်းမာရေးဆိုင်ရာ ပံ့ပိုးကူညီမှု

“စိတ်မိတ်ဆွေ” မှ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သော Workshop လေးသည် ပြင်းထန်သော စိတ်ခံစားမှုများနှင့် စိတ်ပန်းလျမှုများကို စနစ်တကျ စီမံခန့်ခွဲလိုသူတိုင်းအတွက် လုံခြုံစိတ်ချရသော ပံ့ပိုးကူညီမှု နယ်ပယ်တစ်ခု ဖြစ်စေရန် ရည်ရွယ်ပါသည်။ ဤ Workshop သည် နေ့စဉ်ကြုံတွေ့နေရသော စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မှုများနှင့် ရုန်းကန်နေရသူများအတွက် အထူးသင့်လျော်ပြီး မိမိ၏ ပြင်းထန်သော စိတ်ခံစားချက်များကို ကျန်းမာသော နည်းလမ်းများဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပထမဆုံးအုပ်စု ဆွေးနွေးမှုများ ပြီးဆုံးတော့မည်ဖြစ်ရာ အခက်အခဲများကို တစ်ယောက်တည်း မဟုတ်ဘဲ အစုအဖွဲ့တစ်ခုအတွင်း အတူတကွ နားလည်ကျော်ဖြတ်ခြင်းက မည်မျှအထောက်အကူဖြစ်စေကြောင်း မြင်တွေ့ခဲ့ရပါသည်။ ယခုအခါ နောက်ထပ် အသုတ်သစ်အတွက် စာရင်းများ စတင်လက်ခံနေပြီဖြစ်ပြီး စွဲလမ်းမှု၏ အကြောင်းရင်းခံများကို လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုတွင် အပြစ်တင်ဝေဖန်မှုမရှိဘဲ အတူတကွ ရှာဖွေဖော်ထုတ်ကာ ရှေ့ဆက်ရမည့် လက်တွေ့ကျသော နည်းလမ်းများကို တိုင်ပင်ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အခါသမယတွင် လူကြီးမင်းတို့အားလုံး စိတ်အေးချမ်းသာယာပြီး ပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
သင်္ကြန်ရေအေးဖြင့် အဟောင်းများကို ဆေးကြောသန့်စင်ကာ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်ဖြင့် လန်းဆန်းတက်ကြွကြပါစေ။ ဘေးအန္တရာယ်ကင်းဝေးပြီး ချစ်ခင်ရသူများနှင့်အတူ ကျန်းမာပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
မြန်မာနှစ်သစ်မှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading