Marlo

Master in Business Administration – Heriot-Watt University, UK
Diploma in New Media – Republic Polytechnic, Singapore
Basic Counselling Skills Training (Counselling Corner)
Advanced Counselling Skills Training (Counselling Corner)

Marlo သည် စင်္ကာပူနိုင်ငံ၊ Republic Polytechnic ကျောင်းဆင်းတယောက်ဖြစ်ပြီး၊ အင်္ဂလန်နိုင်ငံအခြေစိုက် Heriot-Watt University မှ “ စီးပွားရေး မဟာဘွဲ့” ရရှိထားသူဖြစ်ပါတယ်။ Counselling Corner တွင် Counselling training ကို advanced level အထိပြီးမြောက်ထားပြီး Group Counselling၊ Emotional Support Training နှင့်တကွ များစွာသော trainings များကို တက်ရောက်အောင်မြင်ထားပြီးသူဖြစ်ပါတယ်။

Marlo သည် လုပ်ငန်းနယ်ပယ်မျိုးစုံတွင် ဆယ်စုနှစ်အထက် လုပ်ကိုင်ခဲ့သူ လူလတ်ပိုင်းတစ်ယောက်ဖြစ်တာကြောင့် ထိုက်လျောက်တဲ့ ဘဝအတွေ့အကြုံရှိပြီး ယနေ့ခေတ်လူငယ်လူရွယ်တွေ ကြုံတွေ့ခံစားနေရတဲ့ အမျိုးမျိုးသောစိတ်ဖိစီးမှုတွေ၊ မျိုးစုံသော ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အကြပ်တွေ့မှု၊ စိတ်ခံစားမှုတွေကို ကောင်းစွာနားလည်နိုင်သူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမွေးပြီး ကြီးပြင်းခဲ့သူတစ်ဦးဖြစ်တာကြောင့်လည်း မြန်မာနိုင်ငံရှိလူအများစု ရင်ဆိုင်ကြုံတွေ့နေရတဲ့ မိသားစုဝင်ကြား၊ သမီးရည်းစားကြား အစရှိသည့် ဆက်ဆံရေးမျိုးစုံကြား ဖြစ်လေ့ဖြစ်ထရှိသော ပဋိပက္ခတွေနှင့် Boundary သတ်မှတ်ဖို့ သတိမမူမိတာ၊ခက်ခဲတာတွေကို သိရှိခံစားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Marlo ကိုယ်တိုင်သည် LGBTIQ+ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ LGBTIQ+ လူမှုအဖွဲ့အစည်း၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး လိုအပ်ချက်များအကြောင်း အထူးပြုလေ့လာထားသူလည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရှိ LGBTIQ+ များအနေနဲ့ ငယ်စဉ်ကလေးဘဝတည်းက ကြုံတွေ့နိုင်ခဲ့ရခြေရှိတဲ့ အဖြစ်အပျက် အကြောင်းအရာ၊ စိတ်ခံစားမှုတွေကို သိရှိခံစားနားလည်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် LGBTIQ+ တွေအနေနဲ့ Counselling ဝန်ဆောင်မှုရယူတဲ့အခါ ၎င်းတို့အပေါ် အပြည့်အဝ နားလည်စာနာနိုင်ပြီး ၎င်းတို့ကို ကိုယ်စားပြုနိုင်သူ Counsellor ကို ရရှိဖို့ အလွန်အရေးကြီးကြောင်းလည်း သိနားလည်ထားသူဖြစ်ပါတယ်။ တချို့ သော LGBTIQ+ တွေမှာ မိမိကိုယ့်ကိုလက်ခံနိုင်ဖို့ပင်လျှင် ခဲယဉ်းတတ်ကြောင်း သိရှိထားပြီး မိမိ၏လိင်ပိုင်းဆိုင်ရာဖြစ်တည်မှု၊ လိင်စိတ်တိမ်းညွတ်မှုတို့နဲ့ပတ်သက်ပြီး ရှာဖွေနေဆဲ၊ အခက်တွေ့နေသူတွေအတွက်လည်း ဘေးကနေ ဖေးမကူပြီး ကူညီလမ်းပြပေးလိုသူဖြစ်ပါတယ်။

Marlo သည် Counselling ဘာသာရပ်ကို လေ့လာသင်ယူနေစဉ်တလျောက်မှာလည်း အရင်က သူကိုယ်တိုင် မသိရှိခဲ့ဖူးတဲ့ ဘဝအစိတ်အပိုင်းများနဲ့ သူ့ကိုယ်သူ ပိုမိုနားလည်လက်ခံတတ်လာခဲ့ပါတယ်။ ဒီလိုအတွေ့အကြုံမျိုးကို အခြားသော လိုအပ်သူများစွာနဲ့ အခက်အခဲများစွာကြုံတွေ့နေခဲ့ရသူများကိုလည်း ရရှိစေလိုပြီး၊ ရရှိနိုင်ဖို့လည်း ထောက်ကူပေးနိုင်တဲ့သူတစ်ဦး ဖြစ်လိုသူဖြစ်ပါတယ်။ Counselling ပညာရပ်နဲ့ ပတ်သက်ပြီး အားလုံးသိပြီးတတ်ပြီးတယ်ဆိုတာ မရှိဘူးဆိုတဲ့ စိတ်နဲ့ အမြဲတမ်း လေ့လာသင်ယူနေပြီး client များအတွက် လျော်ကန်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိတွင်လည်း နယ်ပယ်ကဏ္ဍအသီးသီးမှ နှစ်သိမ့်ဆွေးနွေးမှုလိုအပ်နေသူများကို တိုင်ပင်ဆွေးနွေးခြင်းတွေ ပြုလုပ်ပေးလျက်ရှိနေပြီး၊ LGBTIQ+ နှင့် လူငယ်၊လူလတ်ပိုင်းတို့ကို အဓိကထားပြီး နှစ်သိမ့်ဆွေးနွေးပေးနေသူ တစ်ဦး ဖြစ်ပါတယ်။

Marlo ဟာ နှစ်သိမ့်ဆွေးနွေးမှုလိုအပ်တဲ့ client များနဲ့ ဆက်ဆံရာမှာ စိတ်ချင်းစာနာမှုနဲ့ ကိုယ်ချင်းစာမှုကို အခြေခံပြီး ယုံကြည်မှုတည်ဆောက်ပါတယ်။ ဒီနည်းအားဖြင့် client များအနေနဲ့ ကြောက်စိတ်တွေ၊ ကဲ့ရဲ့ရှုံ့ချခံရမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မရှိဘဲ ယုံကြည်စိတ်ချမှုတွေ ဖြစ်လာပြီး ပွင့်လင်းလွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်တဲ့ ကိုယ်ပိုင်နေရာတစ်ခုကို ဖန်တီးပေးတာဖြစ်ပါတယ်။

Marlo နှင့် Counselling session ရယူလိုပါက Counselling Corner Facebook Page သို့မဟုတ် ဖုန်းမှတဆင့် ကြိုတင်ချိန်းဆို အချိန်ရယူနိုင်ပါပြီခင်ဗျာ။