အရာရာကို တစ်ယောက်တည်း ရုန်းကန်ရခြင်းရဲ့ ကြီးမားတဲ့ တန်ဖိုး
“ဘယ်လောက်ပဲ ခက်ခဲတဲ့ ဒုက္ခတွေနဲ့ ကြုံနေရပါစေ… သူတစ်ပါးဆီက အကူအညီတောင်းဖို့ကို အသက်ထက် စိုးရွံ့နေမိပါသလား?”
အရာရာကို ကိုယ်တိုင်ပဲ လုပ်မယ်၊ ဘယ်သူ့ကိုမှ အားမကိုးဘူးဆိုတဲ့ စရိုက်ကို လူအများက ခွန်အားလို့ ထင်မှတ်ပြီး ချီးကျူးတတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ပညာအရ အစွန်းရောက်တဲ့ လွတ်လပ်လွန်းတဲ့စရိုက် (Hyper-Independence) ဟာ အားသာချက်မဟုတ်ဘဲ၊ အတိတ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှု (Trauma Response) တစ်ခု ဖြစ်နေတတ်ပါတယ်။ ငယ်စဉ်က ကိုယ်အကူအညီလိုချိန်မှာ အားကိုးရမယ့်သူတွေက ပစ်ပယ်ခဲ့တာ ဒါမှမဟုတ် စိတ်ပျက်အောင် လုပ်ခဲ့တာတွေကြောင့် “ငါကလွဲရင် ဘယ်သူ့ကိုမှ မယုံနိုင်ဘူး၊ အရာရာကို ကိုယ်တိုင်ပဲ လုပ်ရမယ်” လို့ မသိစိတ်က တထစ်ချ မှတ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
ဘယ်အရာမဆို တစ်ယောက်တည်း ရုန်းကန်နေရခြင်းဟာ ရေရှည်မှာ စိတ်ရောကိုယ်ပါ လုံးဝ အားအင်ကုန်ခမ်းစေပါတယ် (Mental & Physical Burnout)။ လူသားဆိုတာ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုရတဲ့ လူမှုသတ္တဝါတွေ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အဝင်မခံဘဲ တံတိုင်းကြီးတွေ ကာရံထားတဲ့အခါ အထီးကျန်ဆန်မှုကို ဖြစ်စေပြီး၊ ရေရှည်မှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေဆီကို ဦးတည်သွားစေနိုင်ပါတယ်။

အရာရာကို တစ်ယောက်တည်း ထမ်းရမယ်ဆိုတဲ့ တံတိုင်းတွေကို ဖြည်းဖြည်းချင်း ဖြိုချလိုက်မယ်ဆိုရင် ပိုမိုပေါ့ပါးပြီး နွေးထွေးတဲ့ စိတ်အေးချမ်းမှုကို ခံစားရမှာ ဖြစ်ပါတယ်။ သင့်ကိုယ်သင် ညင်သာပျော့ပျော်ပါစေ၊ အဲဒီလို သေးငယ်တဲ့ ခြေလှမ်းလေးတွေကို တစ်လှမ်းချင်း စတင်လှမ်းကြည့်ပါနော်။
8-Week Online Addiction Group Counselling
စွဲလမ်းမှုတွေနဲ့ ရုန်းကန်နေရတာ ဘယ်လောက်တောင် အထီးကျန်ပြီး ပင်ပန်းလဲဆိုတာကို ကျွန်ုပ်တို့ နားလည်ပါတယ်။ ဒါပေမဲ့ သင်တစ်ယောက်တည်း ရုန်းကန်နေရတာတော့ မဟုတ်ပါဘူး။ အလားတူ အတွေ့အကြုံတွေကို ဖြတ်သန်းနေရတဲ့ သူတွေနဲ့အတူ၊ အပြစ်တင်ဆုံးဖြတ်မှုကင်းပြီး လျှို့ဝှက်ချက် အပြည့်အဝ ထိန်းသိမ်းပေးမယ့် လုံခြုံတဲ့ ရပ်ဝန်းတစ်ခုမှာ အတူတကွ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ၈ ပတ်ကြာ အွန်လိုင်းအုပ်စုလိုက် ဆွေးနွေးပွဲအသစ်အတွက် စာရင်းပေးသွင်းလို့ရပါပြီ။
အုပ်စုနဲ့ လုပ်ဆောင်ရတာဟာ အထီးကျန်ဆန်မှုနဲ့ မိမိကိုယ်ကို အပြစ်တင်အားငယ်နေတာတွေကို သိသိသာသာ လျော့ပါးစေပါတယ်။ ခွန်အားကို ရစေသလို၊ အပြန်အလှန် အားပေးကူညီမှုတွေနဲ့အတူ ရှေ့ဆက်ဖို့ အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာပါ။
ရက်စွဲများ – စနေနေ့တိုင်း (စက်တင်ဘာ ၁၂၊ ၁၉၊ ၂၆ နှင့် အောက်တိုဘာ ၃၊ ၁၀၊ ၁၇၊ ၂၄၊ ၃၁)
အချိန် – နေ့လယ် ၁:၀၀ မှ ၃:၀၀ နာရီအထိ
ပုံစံ – Zoom (ကိုယ်ရေးလုံခြုံမှုအတွက် လုံးဝ အမည်မဖော်လိုသော Fully Anonymous ဆွေးနွေးပွဲများ)
ကျသင့်ငွေ – ၁၂၀,၀၀၀ ကျပ် (၈ ပတ်စာ အားလုံးအတွက်)
စွဲလမ်းမှု ပြဿနာကနေ ရုန်းထွက်ဖို့ နွေးထွေးတဲ့ အသိုက်အဝန်းတစ်ခုက စောင့်ကြိုနေပါတယ်။ နေရာအကန့်အသတ်ရှိလို့ ပါဝင်ချင်တယ်ဆိုရင်တော့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါနော်။
Suicide Prevention: Reaching Out Can Save a Life
စက်တင်ဘာလဟာ Suicide Prevention Month ဖြစ်ပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့ကတော့ World Suicide Prevention Day ဖြစ်ပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ သတ်သေမှုတွေအကြောင်း ပွင့်ပွင့်လင်းလင်းနဲ့ သနားကြင်နာစွာ ဆွေးနွေးကြဖို့၊ ဘယ်သူ့မှာမဆို အကူအညီတွေ ရှိနေတယ်ဆိုတာကို တစ်ယောက်ကိုတစ်ယောက် သတိပေးကြမယ့် အချိန်အခါတစ်ခု ဖြစ်ပါတယ်။
အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့သူ အများစုဟာ သူတို့ရဲ့ စိတ်ထဲကအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြချင်မှ ပြောပြကြပါလိမ့်မယ်။ အဲဒီအစား ပတ်ဝန်းကျင်နဲ့ အဆက်အဖြတ်လုပ်သွားတာ၊ အလွန်အမင်း မျှော်လင့်ချက်မဲ့နေပုံပေါ်တာ၊ ကိုယ်ပိုင်ပစ္စည်းတချို့ကို သူများကို ပေးကမ်းတာ၊ ကိုယ်ဟာ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပြီလို့ ခံစားနေရကြောင်း ပြောတာ၊ ဒါမှမဟုတ် ကိုယ်သာ မရှိရင် တခြားသူတွေအတွက် ပိုကောင်းသွားမယ်လို့ ပြောဆိုတာမျိုးတွေ လုပ်တတ်ပါတယ်။
ဒီလို လက္ခဏာမျိုးတွေကို ဘယ်တော့မှ လျစ်လျူရှုတာ၊ အရေးမစိုက်ဘဲ ပစ်ထားတာမျိုး မလုပ်သင့်ပါဘူး။ အပြစ်အနာအဆာကင်းတဲ့ စကားလုံးတွေ သုံးတတ်ဖို့၊ သူများပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ သို့မဟုတ် စိတ်ကျန်းမာရေး ပညာရှင်တစ်ယောက် ဖြစ်နေဖို့ လုံးဝ မလိုပါဘူး။ တစ်ခါတလေမှာ အပြောင်းအလဲလေးတစ်ခုကို သတိထားမိတာ၊ မေတ္တာရှေ့ထားပြီး မေးမြန်းတာနဲ့ အပြစ်တင်ဆုံးဖြတ်မှုမရှိဘဲ နားထောင်ပေးတာလေးတွေကတင် သူတစ်ပါးကို တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ရရှိစေနိုင်ပါတယ်။
တကယ်လို့ သင်ကိုယ်တိုင်က အဲဒီလို ခံစားချက်တွေနဲ့ ကြုံတွေ့နေရတယ်ဆိုရင် ကျေးဇူးပြုပြီး အကူအညီ အမြန်တောင်းခံပါ။ ယုံကြည်ရတဲ့သူတစ်ယောက်၊ စိတ်ကျန်းမာရေး ပညာရှင်တစ်ယောက် သို့မဟုတ် ဒေသတွင်း အရေးပေါ်အကူအညီပေးရေးဌာနကို ဆက်သွယ်ပါ။ ဒါမှမဟုတ် Suicide Prevention Myanmar Facebook စာမျက်နှာကို သွားရောက်ပြီး အကူအညီများကိုလည်း ရှာဖွေနိုင်ပါတယ်။
The Myanmar Professional Counsellor Pathway
Myanmar Professional Counsellor Pathway ကနေပြီးတော့ counsellors တွေအနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို တိုးတက်စေဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကျင့်ဝတ်သိက္ခာရှိရှိနဲ့ client တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ အမြဲတမ်း ပံ့ပိုးပေးနေပါတယ်။ လက်တွေ့လုပ်ကိုင်မှုများကို စောင့်ကြည့်လမ်းညွှန်ပေးခြင်း (supervised practice)၊ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း၊ မိမိကိုယ်ကို ပြန်လည်သုံးသပ် ဖွံ့ဖြိုးတိုးတက်စေခြင်း (reflective development) နဲ့ ပညာရှင်ဆန်ဆန် လမ်းညွှန်မှုတွေကတစ်ဆင့် ဒီ Pathway ဟာ counsellors တွေရဲ့ သက်မွေးဝမ်းကျောင်း ခရီးလမ်းတစ်လျှောက် အဆင့်အမျိုးမျိုးမှာ အကောင်းဆုံး အထောက်အပံ့ပေးမယ့် မူဘောင်တစ်ခုကို ချမှတ်ပေးထားပါတယ်။
လက်ရှိမှာလည်း Pathway ကနေ အသင်းဝင်တွေအတွက် လေ့လာသင်ယူစရာ အခွင့်အလမ်းတွေကို ဖန်တီးပေးနေသလို၊ အချင်းချင်း ချိတ်ဆက်မှု၊ ပြန်လည်သုံးသပ်ဆွေးနွေးမှုနဲ့ ဗဟုသုတမျှဝေမှုတွေ ပိုမိုအားကောင်းလာစေဖို့ လစဉ် အစည်းအဝေးတွေကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းက လူပုဂ္ဂိုလ်တွေ၊ မိသားစုတွေနဲ့ အသိုက်အဝန်းတွေအတွက် လုံခြုံစိတ်ချရပြီး ထိရောက်တဲ့ counselling ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့နဲ့ counsellors တွေရဲ့ အနာဂတ် ပညာရေးနဲ့ ကျွမ်းကျင်မှု တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် counsellors တွေရဲ့ လက်တွေ့လုပ်ကိုင်နိုင်စွမ်း (readiness)၊ အရည်အချင်း (competencies) နဲ့ ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုတွေကို ပိုမိုပြည့်ဝစွာ ထင်ဟပ်စေဖို့အတွက် Professional Counsellor Pathway ကို ပြန်လည်သုံးသပ် ဆန်းစစ်မှုတွေလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီ Pathway ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီချင်တယ်၊ ဒါမှမဟုတ် အနာဂတ်အစီအစဉ်တွေကို ထောက်ပံ့ပေးချင်တယ်ဆိုရင် professionalcounsellormm@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သင်ရဲ့ ဗဟုသုတ၊ အတွေ့အကြုံနဲ့ တက်ကြွစွာ ပါဝင်မှုတွေက မြန်မာနိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် counselling အသိုက်အဝန်းကို ပိုမိုခိုင်မာလာစေဖို့အတွက် အကြီးမားဆုံး အထောက်အပံ့တစ်ခု ဖြစ်လာမှာပါ။
Affiliate Membership and Professional Network Updates
Myanmar Professional Counsellor Pathway အနေဖြင့် Counsellors၊ သင်တန်းပို့ချသူများ၊ သုတေသီများနှင့် စိတ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး အသိပညာပေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ အားလုံးအတွက် လုံးဝအခမဲ့ ပါဝင်နိုင်မည့် “Affiliate Membership” (တွဲဖက်အသင်းဝင်စနစ်) ကို စတင်မိတ်ဆက်လိုက်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါသည်။ ဤအသင်းဝင်စနစ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ပညာရှင်များအချင်းချင်း ချိတ်ဆက်မှု၊ ဗဟုသုတမျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဖြစ်ပါသည်။ အသင်းဝင်စာရင်း ပေးသွင်းရန်နှင့် Affiliate Membership အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဒါ့အပြင် Pathway အသင်းဝင်များအနေဖြင့် မိမိတို့၏ ဗဟုသုတနှင့် အတွေ့အကြုံများကို မျှဝေကြရန်လည်း ဖိတ်ခေါ်အပ်ပါတယ်။ Counsellor Referral Network အတွက် ဝန်ဆောင်မှုအသစ်များ တိုးချဲ့ထားသည်များ ရှိပါကလည်း ကျွန်ုပ်တို့ထံ အကြောင်းကြားပေးပါရန် ဖိတ်ခေါ်ပါတယ်။ အချက်အလက်အသစ်များကို professionalcounsellormm@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပြီး၊ Affiliate Member အဖြစ် ပါဝင်လိုစိတ်ရှိသူ မည်သူ့ကိုမဆိုလည်း ဤအခွင့်အရေးအကြောင်းကို လက်ဆင့်ကမ်း မျှဝေပေးနိုင်ပါတယ်။
Journalling as Self-Care
စိတ်ခံစားချက်များကို စာနဲ့ရေးမှတ်ခြင်း (Journalling) က သင့်ရဲ့ စိတ်ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်တဲ့ ရိုးရှင်းပြီး အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ ကြုံတွေ့ခဲ့ရတာတွေကို စာသားတွေအဖြစ် ဖော်ပြလိုက်ခြင်းအားဖြင့် စိတ်ထဲမှာ ရှုပ်ထွေးနေတာတွေကို ရှင်းလင်းသွားစေပြီး ပြန်လည်ဆင်ခြင်သုံးသပ်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုကို ဖန်တီးပေးပါတယ်။ ရေးသားခြင်းက ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့၊ ခက်ခဲတဲ့အတွေ့အကြုံတွေကို ကျော်လွှားဖြေရှင်းဖို့၊ မိမိရဲ့ ပုံစံတကျ ဖြစ်နေတဲ့ အလေ့အထတွေကို သိရှိလာဖို့နဲ့ ကိုယ့်ကိုယ်ကို ပိုပြီး နားလည်သဘောပေါက်ကာ သနားကြင်နာတတ်လာဖို့အတွက် ကူညီပေးပါတယ်။
ဒိုင်ယာရီရေးရာမှာ မှားတယ် မှန်တယ်ဆိုတာ လုံးဝမရှိပါဘူး။ စိတ်ထဲပေါ်လာတာတွေကို လွတ်လပ်စွာ ရေးချတာ၊ ခက်ခဲတဲ့ အခြေအနေတစ်ခုကို ပြန်လည်သုံးသပ်တာ၊ ကျေးဇူးတင်စရာ အခိုက်အတံ့လေးတွေကို မှတ်တမ်းတင်တာ၊ (သို့မဟုတ်) ယနေ့ သင် ဘယ်လိုခံစားနေရလဲဆိုတာကို ရိုးရိုးရှင်းရှင်း ရေးပြတာမျိုး လုပ်နိုင်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတွေ များနေတဲ့အခါ (သို့မဟုတ်) ကိုယ်ကြုံတွေ့နေရတာတွေကို ဘယ်လိုပြောပြရမှန်း မသိအောင် ခက်ခဲနေတဲ့အခါ ဒိုင်ယာရီရေးခြင်းက ပိုပြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ခံစားချက်တွေကို ကိုယ်တိုင်ဝန်ခံလက်ခံဖို့နဲ့ ကိုယ့်အတွက် ဘာတွေလိုအချက်ရှိလဲဆိုတာကို ညင်သာစွာ ရှာဖွေစူးစမ်းဖို့အတွက် သီးသန့်လုံခြုံတဲ့ နေရာတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။
Counselling Corner အနေဖြင့် ကျွန်ုပ်တို့ရဲ့ “Moments of Insight” စာအုပ်ကို အသုံးပြု၍ Counsellor မနီလာအောင်နဲ့အတူ Reflective journalling ရေးသားမယ့် အစီအစဉ်ဖြစ်ပါတယ်။
ပထမဦးစွာ တည်ငြိမ်မှုနှင့် စိတ်အေးချမ်းမှုကို တည်ဆောက်ရန်အတွက် အသက်ရှူခြင်း (breathing) ကို စတင်အသုံးပြုသွားပါမည်။ ထို့နောက် လွန်ခဲ့သည့်တစ်ပတ်အတွင်း ကြုံတွေ့ခဲ့ရသော ခံစားချက်များနှင့် အတွေးများကို ပြန်ပြောင်းကြည့်ကာ ပေါ့ပါးလွတ်လပ်စွာ ရေးသားခြင်း (free writing) မှတဆင့် ၎င်းတို့ကို စကားလုံးများအဖြစ် ညင်သာစွာ ပြောင်းလဲဖော်ပြသွားမည် ဖြစ်ပါသည်။ မိမိရေးသားထားသည်များကို မျှဝေရန် ဖိအားပေးခြင်း လုံးဝမရှိပါ၊ သို့သော် မိမိတို့၏ ဆင်ခြင်သုံးသပ်ချက်များကို မျှဝေလိုသူ မည်သူမဆို ပျော်ရွှင်စွာ မျှဝေနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် အရှေ့ကို မျှော်ကြည့်ကာ လာမည့်တစ်ပတ်အတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ချိန်ယူကြပါမည်။
သင့်ကိုယ်အတွက် ငြိမ်းချမ်းသော အချိန်လေးတစ်ခုကို ဖန်တီးကာ, စာရေးမှတ်သားခြင်းသည် သင်၏ စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်မှု (self-care) လုပ်တဲ့ အလေ့အကျင့်ရရှိစေဖို့ ကျွန်ုပ်တို့နဲ့အတူ ပါဝင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
Mental health and psychosocial support
Emotional Wellbeing Workshops
Seit Mate Swe အနေဖြင့် community အတွက် စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေး အလုပ်ရုံဆွေးနွေးပွဲများကို တစ်ပတ်လျှင် သုံးခု ပုံမှန် ကျင်းပပေးလျက် ရှိပါတယ်။ ဤဆွေးနွေးပွဲများသည် ပွင့်ပွင့်လင်းလင်း ပြောဆိုရန်၊ အတွေ့အကြုံများကို မျှဝေရန်နှင့် မိမိတို့၏ စိတ်ခံစားချက်များကို ဂရုစိုက်မည့် နည်းလမ်းများကို ရှာဖွးရန်အတွက် လုံခြုံစိတ်ချရပြီး နွေးထွေးကြိုဆိုသော ရပ်ဝန်းတစ်ခုကို ပေးစွမ်းပါတယ်။
ဤအလုပ်ရုံဆွေးနွေးပွဲများကို ပါဝင်သူများအနေဖြင့် စိတ်ဖိစီးမှုများကို စီမံခန့်ခွဲရန်၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို ဖြေရှင်းရန်နှင့် ဘဝ၏ စိန်ခေါ်မှုများကို ကျန်းမာသောနည်းလမ်းဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သင်ကိုယ်တိုင် ခက်ခဲတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေရသည်ဖြစ်စေ၊ သို့မဟုတ် စိတ်ကျန်းမာရေးအတွက် လက်တွေ့ကျတဲ့ အထောက်အပံ့တွေကို ရှာဖွေနေသည်ဖြစ်စေ ကျွန်ုပ်တို့နဲ့အတူ ပါဝင်ရန်နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
Clay Workshop in Mandalay
Counselling Corner Mandalay အနေဖြင့် ယခုလအတွင်း ရွှံ့စေးဖြင့် စိတ်သန့်ရှင်းရေးအလုပ်ရုံဆွေးနွေးပွဲ (clay workshop) တစ်ခုကို ကျင်းပသွားမည်ဖြစ်ရာ စိတ်အပန်းဖြေလိုသူများနှင့်နှင့် မိမိစိတ်ခံစားချက်များကို ဂရုစိုက်လိုသူ မည်သူမဆိုအတွက် တီထွင်ဖန်တီးနိုင်ပြီး စိတ်ငြိမ်သက်မှုပေးမည့် လုံခြုံသည့်အစီအစဉ်တစ်ခုကို ဖန်တီးပေးသွားမည် ဖြစ်ပါတယ်။
ရွှံ့စေးဖြင့် ပြုလုပ်ခြင်းသည် ဖိစီးမှုများကို ဖယ်ရှာရန်နှင့် တစ်ခါတလေ စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသော ခံစားချက်များကို ထုတ်ဖော်ပြသရန် လက်တွေ့ကျသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရွှံ့စေး၏ ငြိမ်းချမ်းစေတဲ့ သဘာဝက လက်ရှိအချိန်နှင့် ပြန်လည်ချိတ်ဆက်မိစေရန် ကူညီပေးမည်ဖြစ်ပြီး၊ နေ့စဉ်ဘဝ၏ ဖိအားများကြားတွင် စိတ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိစေနိုင်ပါတယ်။
လက်ရှိတွင် မန္တလေးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး မိမိ၏ တီထွင်ဖန်တီးနိုင်စွမ်းကို စူးစမ်းလေ့လာလိုခြင်း၊ အခြားသူများနှင့် ဆုံတွေ့လိုခြင်းနှင့် ကိုယ့်အတွက် ငြိမ်းချမ်းသော အချိန်လေးတစ်ခုကို ဖန်တီးခံစားလိုခြင်းတို့ ရှိပါက ကျွန်ုပ်တို့နှင့်အတူ ပါဝင်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။