Site icon

မပြီးဆုံးခဲ့လေသော….. 

By Khaing Ji

ဆောင်းအကုန် နွေအကူး နေ့ရက်တွေမှာ ဆိုရင်ဖြင့် အညာဒေသမှာ နေလို့ထိုင်လို့ ကောင်းတဲ့ အချိန်လို့ပြောလို့ရသလို မပူလွန်း မအေးလွန်းလို့ ဒေါ်သီသီတစ်ယောက် သဘောကျရတဲ့ အချိန်ကာလဆိုလည်း မမှားဟု ဆိုရပေမည်။ ဒီနေ့လည်း မနက်စောစော မီးဖိုချောင်မှာ ချက်ရင်းပြုတ်ရင်း ဒေါ် သီသီတစ်ယောက် အတွေးများနေမိပြန်သည်။ ဥပုသ်နေ့ဆိုတော့ မနက် တန်းဆွမ်းလောင်းပြီးတာနဲ့ ဘုန်းကြီးကျောင်း သီလယူရန်သွားရမည်။ ဟင်းအိုးတည်ထားစဥ် ဘုရားဆွမ်းတော်ကပ်ဖို့ ပန်းကန်များဆေးကြောပြင်ဆင်ရင်း ဥပုသ်ကျောင်းမှာ သီလယူသွားနေကြဖြစ်သော်လည်း အကြောင်းရင်းရှာမရဘဲ လေးလံနေသည့်စိတ်ကို နားမလည်နိုင်ဖြစ်နေမိသည်။ တစ်ပတ်တစ်ခါ ဥပုသ်သည်တွေ တရားနားချိန် စကားစမြည်ပြောကြပုံများ အတွေးအာရုံထဲ ဝင်ရောက်လာသည်။ လှုပ်ခတ်လာသော စိတ်အလျင်သည်  သူများတွေပြောသော မိသားစုရေးရာများကို မကြားရရင်ကောင်းမှာပဲဟု တိတ်တိတ်လေးဆုတောင်းမိလိုက်သည်။ ဒေါ်သီသီ၏ စိတ်သည် အစွန်းနှစ်ခုကွဲထွက်နေသလို ခံစားနေရသည်။ အတူနေမိသားစုဝင်ဖြစ်သူ အမတစ်ယောက်သာရှိပြီး နေ့စဉ်အိမ်အလုပ်များလုပ်လိုက် နေ့လည်နေ့ခင်း တရေးတမောအိပ်ချင်အိပ်၊ နားချင်နားဖြင့် အချိန်ကုန်လေ့ရှိပြီး တနေ့တနေ့ အပြင်ဘာညာ သိပ်မထွက်ဖြစ်သူဖြစ်သည်။

အရင်ကဥပုသ်နေ့များမှာတော့ ဆရာတော့်တရားနာရင်း ဥပုသ်စောင့်လာသူတို့နဲ့ တွေ့ရသည်မှာ ဒေါ်သီသီ့အတွက် လူ့ပတ်ဝန်းကျင်တွင် တသားထဲ ရှိနေသည်ဟု ခံစားခဲ့ရသည်။ ရပ်ကွက်ထဲက သာရေးနာရေးမှစ သားရေးသမီးရေး၊ လူမှုရေးအထွေထွေကို ကြားသိရသည့် နေ့တစ်ရက်လည်း ဖြစ်နေသည်။ ခုတလော အမဖြစ်သူ၏ ကျန်းမာရေးက သိသိသာသာ ချူချာလာသည်။ အသက် ၇၀ ကျော်အမဖြစ်သူကို ပြုစုစောင့်ရှောက်မည့်သူမှာ သူတယောက်သာရှိနေသည်။ သားသမီး မရှိရှာသော အမဖြစ်သူ၏ ခင်ပွန်းဆုံးပြီးကတည်းက ဒီအိမ်မှာ ဒေါ်သီသီတို့ ညီအမ နှစ်ယောက်သာ ရှိနေခဲ့သည်။ ဒေါ်သီသီ၏ အမျိုးသားဖြစ်သူက သားငယ်လေး လသားအရွယ်မှာတင် ပင်လယ်ထဲပျောက်ဆုံးကာ ပြန်မလာခဲ့တော့ပေ။ နှစ်ပေါင်း ၄၀ ခန့်ကြာပြီဖြစ်သော်လည်း ‌တခါတရံ ‌အမျိုးသားဖြစ်သူများ ပြန်လာလေမလား တွေးတောမိတတ်သည်။ သားဖြစ်သူအတွက် ရုန်းကန်ရင်း အမနဲ့ ခဲအို၏ ကျေးဇူးကြောင့် ဒေါ်သီသီ့ဘဝ အခြေမပျက် ရပ်တည်နိုင်ခဲ့သည်ဟုပြောရပေမည်။

ခုတော့သားဖြစ်သူလည်း ရန်ကုန်မှာ အလုပ်လုပ်ရင်း အိမ်ထောင်ကျကာ နယ်ရှိ ဒေါ်သီသီ့ထံသို့ တခါတရံမှသာ ပြန်လာတတ်တော့သည်။ ချွေးမဖြစ်သူနဲ့လည်း အနေမနီးတာကြောင့် ဒေါ်သီသီအနေနဲ့ စိမ်းသက်နေသလို ခံစားရသည်။ မြေးလေးတွေကလည်း ဒေါ်သီသီ့ကို မနွေးထွေးလှပါ။ ခု‌ေနာက်ပိုင်း အရေးအခင်းကာလတွေ ကြုံလာရပြီးကတည်းက နယ်မြေမငြိမ်သက်သောကြောင့် တစ်နှစ်တစ်ခါ‌ေတာင် မှန်မှန်မပြန်လာနိုင်သော သားဖြစ်သူကိုလည်း နားလည်မိပါသည်။ အမဖြစ်သူကတော့ ဘုရားတရားမြဲရှာသည်။ အမြဲတမ်း ပုတီးစိတ်လိုက်၊ ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားနာလိုက်နဲ့ အေးချမ်းနေသည်ထင်ရပါသည်။ တခါတရံ မေတ္တာပို့သံ တတွတ်တွတ်ကိုလည်း ကြားရတတ်သည်။ အမဖြစ်သူနဲ့လည်း ပြောစရာစကားများများစားစားမရှိလှပါ။ဒေါ်သီသီတစ်ယောက် အခုတလော နေရတာ အဓိပ္ပါယ်မရှိလှသလို ခံစားရသည်။ နေမကောင်းတဲ့အမဖြစ်သူ၏ ဝေယျာဝစ္စတွေ လုပ်ရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်း မပျော်တော့သလို ဖြစ်လာသည်။ သားဖြစ်သူကိုလည်း အရင်ကလို တွေ့ချင်စိတ် မပြင်းပြနေတော့သလို ဖြစ်လာသည်။ အမ နေမကောင်းဖြစ်နေသည်ကိုလည်း တခုခုကြောက်ရွံ့နေသလို ခံစားမိသည်။ ဥပုသ်ဝိုင်းမှာ စကားပြောတာတွေလည်း မကြားချင်တော့သလို ဖြစ်လာသည်။ သားသမီးအကြောင်းပြောရင် ဒေါ်သီသီ စကားစလွှဲတတ်သည်။သူရင်မဆိုင်ရဲဘဲ ရှောင်ဖယ်နေသည်မှာ ဘာမှန်းမသိပေမယ့် တွေးမကြည့်ရဲလောက်အောင်ပင်ဖြစ်ပါသည်။

သူ့ဘဝမှာ တွယ်တာရာ ပိုင်ဆိုင်ရာ တစ်စုံတစ်ယောက်မှ မရှိသလို မြင်မိသည်။အရင်တုန်းက ဒေါ်သီသီတစ်ယောက် ဘယ်လိုများ နေထိုင်ခဲ့ပါသလဲဟု တခါတရံ တွေးမိသည်မှာ ကြောင်တောင်တောင်နိုင်လှသည်ဟု ထင်မိပြန်သည်။အမသာ မရှိတော့လျှင် သူတ‌စ်ယောက်ထဲ ဘယ်လိုများနေရပါ့မလဲဟု တွေးမိလျှင် ဆောက်တည်ရာ မရသလို ခံစားရပြန်သည်။ လက်ရှိ သူ့ဘေးနားတွင် ရှိနေသည်မှာ နေမကောင်းဖြစ်နေသော အမဖြစ်သူသာရှိနေသည်။ ဒေါ်သီသီတစ်ယောက် အမဖြစ်သူ အသက် ၇၆ နှစ်ပြည့်ရန် သုံးလခန့်လိုသေးတာကို သတိရပြီး မွေးနေ့ကို ကျော်နိုင်ပါ့မလားဟု တွေးပူစိတ်ကလည်း ကြီးစိုးနေတတ်ပြန်သည်။ ခုတလော တခါတရံ အမျိုးသားဖြစ်သူ ပြန်မလာနိုင်တော့တဲ့သတင်းက စိတ်ထဲရောက်ရောက်လာတာ သတိထားမိနေသည်။ထိုစဉ်ကာလက ဒေါ်သီသီ့အတွက် ဝမ်းနည်းပူဆွေးဖို့ထက် သားဖြစ်သူ လသားလေးအတွက် ဘယ်လိုရှေ့ဆက်ရမလဲဆိုသည့် အတွေးတို့ကသာ ရှေ့ရောက်နေခဲ့သည်။ ခင်ပွန်းဖြစ်သူ ပြန်ရောက်လာသည့် အိပ်မက်တွေ ခနခနမက်ခဲ့မိသည်။ ပြန်မလာနိုင်ဘူးထင်ကြပေမယ့် ပြန်လာနိုင်ခဲ့ကြောင်း ပြန်ပြောပြနေတဲ့ ခင်ပွန်းဖြစ်သူ၏ ပုံရိပ်မှာ အိပ်မက်ထဲမှာတောင် ပြတ်သားထင်ရှားလွန်းခဲ့သည်။ အမနဲ့ ခဲအို၏ ကျေးဇူးကြောင့် အခြေမပျက်ခဲ့သော်လည်း ဒေါ်သီသီတစ်ယောက် မလွယ်ကူခဲ့တာကိုတော့ မှတ်မိပါသေးသည်။ ရုန်းကန်ရင်း ကြိုးစားရင်း အိပ်မက်တွေနဲ့ ခင်ပွန်းဖြစ်သူကို သတိမရနိုင်တော့တာ ခုချိန်မှ ပြန်တွေးမိလာသည်။ရံဖန်ရံခါ ဝမ်းနည်းမိနေတာ မျက်ရည်ကျမိနေတာမျိုးကို ကြုံလာရသည်။ သူမကို သူမလည်း နားမလည်နိုင်သလို ခံစားနေရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က ဆုံးရှူံးမှုသည် ယခုအချိန်မှ ဘာ့ကြောင့် ဝမ်းနည်းစေသလဲ မပြောတတ်ဖြစ်ရပါသည်။  နေမကောင်းတဲ့ အမဖြစ်သူကို မြင်ရင်လည်း ဝမ်းနည်းမိသေးသည်။ ဒေါ်သီသီတစ်ယောက် သူ့အနားတစ်ယောက်မှ မရှိတော့မှာကို ကြောက်‌နေမိသည်။ဒီလိုနဲ့ ရက်တွေ ကြာလာတော့ ဒီအခြေအနေကြီးမှာ ဆက်ပြီး ရှိမနေချင်တော့သလို ခံစားလာရသည်။

မီးဖိုခန်းထဲက ဒေါ်သီသီတစ်ယောက် လုပ်ရင်းကိုင်ရင်း အတွေးရေယာဉ်ကြောမှာ မျောပါကာ ဝမ်းနည်းလာမိတာကို သတိမထားမိခင်မှာပဲ မျက်ရည်တွေ ကျလာသည်ကို သိလိုက်ရသည်။ သူမအရမ်းပင်ပန်းနေပြီဟု တွေးရင်း တင်းထားသမျှကို လျှော့ချကာ ငိုချလိုက်မိတော့သည်။ အချိန်ခနကြာအောင် ငိုပြီးချိန်မှာ ရင်ထဲက လေးလံမှုတစ်ချို့ လျော့သွားသလို ခံစားရသည်။ ငိုကြွေးလိုက်ခြင်းကြောင့် အနည်းငယ် မောသလို ဖြစ်သော်လည်း အသက်ကို ဝဝရှူသွင်းလိုက်ရင်း အနည်းငယ် စိတ်ကျေနပ်သလို ခံစားလိုက်ရသည်။ အသက်လေး ပုံမှန်ဆက်ရှူရင်း အမောဖြေနေစဥ် အိမ်နောက်ဖေးစန္ဒကူးပင်ပေါ်မှ ဥဩငှက်အသံလေး ကြောင့် ပိုပြီး အမောပြေစေသလို ခံစားမိလိုက်သည်။ အမှတ်တမဲ့  နားထောင်နေရင်း ထမင်းဟင်း ချက်ပြုတ်ပြီးစီးပြီမို့ ဆွမ်းခူးထားလိုက်သည်။ ပြတင်းပေါက်မှ တဆင့်တိုက်ခတ်လာသော လေပြေအေးလေးကြောင့် ဒေါ်သီသီတယောက် လန်းဆန်းသွားသလိုဖြစ်သွားတာ သတိပြုမိလိုက်သည်။ရုတ်တရက် ပင်ပန်းနေရာကနေ သက်သာရာရသလို ဖြစ်သွားတာ‌ေကြာင့် သဘာဝတရားကြီးဟာ တခါတရံ လူသားတွေအတွက် ဆေးများဖြစ်နေမလားဆိုပြီး ဒေါ်သီသီတစ်ယောက် ပေါက်ပေါက်ရှာရှာ တွေးလိုက်မိသေးသည်။”အင်း… တကယ်တော့ ဆေးလည်းဖြစ်နိုင်သလို ဘေးလည်းဖြစ်နိုင်တာပဲလေ” လို့ တွေးလိုက်ရင်း ဘုရားဆွမ်းတော်ကပ်ဖို့အာရုံဆီ စိတ်ပြန်ရောက်သွားပြန်သည်။

ဘုရားဆွမ်းကပ်ပြီးတာနဲ့ အမဖြစ်သူအတွက် ထမင်းခူးပေးရင်း သူပါတခါထဲ စားလိုက်မိသည်။ အမဖြစ်သူက ခါတိုင်းလိုပင် စကားများများမပြောဘဲ ခူးပေးသည့်ထမင်းကုန်‌ေအာင် ငြိမ်သက်စွာ စားနေသည်ကို တွေ့ရသည်။ဒေါ်သီသီရှိနေမှန်းတောင် သတိပြုမိပါရဲ့လားဟု တွေးလိုက်မိ‌သေးသည်။ ဒီနေ့တော့ ‌ဒေါ်သီသီတယောက် အမဖြစ်သူကို စကားပြောစေချင်မိသည်။ တစ်စုံတစ်ယောက်ရဲ့ စကားသံကိုမျှ မကြားရတာ ကြာနေပြီဟု တွေးမိပြန်သလို ဥပုသ်ကျောင်းက စကားသံတွေကို‌ေတာ့ မကြားချင်သလို ဖြစ်‌နေပြန်‌သည်။ အမဖြစ်သူ တစ်ခုခုပြောလာမလား မသိမသာ စောင့်ဆိုင်းရင်း ထမင်းဆက်စားနေတဲ့ ဒေါ်သီသီ့အတွင်းစိတ်ကို မြင်သွား၍ပဲလားမပြောတတ်ပါ။ အမဖြစ်သူ၏ “ဒီနေ့ ဥပုသ်စောင့်သွားရင် ဆရာ့တော်ကို ဆွမ်းကပ်ဖို့ လျှောက်ခဲ့စမ်းပါ” ဆိုသောစကားသံကို ကြားရမှ ဒေါ်သီသီ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ဘာများရှိလို့ပါလိမ့်ဆိုသည့် အတွေးမဆုံးခင်မှာပင် အမဖြစ်သူ၏ “ တို့များ အိမ်သားတွေ မရှိရှာတော့တာ ကြာပြီဆိုတော့ ကုသိုလ်အမျှအတမ်းပေးဝေဖို့နဲ့ လှူနိုင်တုန်း သွားလာနိုင်တုန်း ကုသိုလ်လေး လုပ်ကြရအောင်လား၊ ငါလည်း ခုနောက်ပိုင်း ကျန်းမာရေးက နဲ့တဲ့တဲ့ဖြစ်လာတော့ သေရင် ကိုယ့်နောက်ပါမှာ ကုသိုလ်၊ အကုသိုလ် ဒီနှစ်မျိုးပဲ ရှိတာဟုတ်လား၊ ဒါ့ကြောင့် ဆရာတော့်ကျောင်းမှာ မြတ်စွာဘုရားအမှူးပြုပြီး သံဃာတော်တွေကို ဆွမ်းလေး ကပ်လှူကြရအောင်လားကွယ်” ဆိုသည့် စကားကြောင့် “လျှောက်ခဲ့တာပေါ့” လို့ အလွယ်ပြန်ပြောလိုက်ပေမယ့် ဒေါ်သီသီ အတွက် အိမ်သားတွေ မရှိရှာတော့ ဟူသည့် စကားသံကို နားထဲမှာ ပဲ့တင်ထပ်သလို ပြန်ကြားယောင်မိနေသည်။ “ဟုတ်ပါရဲ့ မရှိရှာတော့ဘူးကိုး” လို့ တွေးမိရင်း အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။ မရှိတာပဲ ကြာလေလှပြီကို ခုမှ အတွင်းစိတ်ထဲက သိနေသလို ဖြစ်နေမိသည်။ ဒီလောက်နှစ်တွေအကြာကြီး ဘာများလုပ်နေခဲ့ပါလိမ့်။ သားလေးအတွက် ရုန်းကန်ရလွန်းလို့ပဲ မေ့သွားသလား။ ဒါမှမဟုတ် သူမကိုယ်တိုင်ပဲ မေ့ထားခဲ့မိလေသလား မပြောတတ်ပါ။ ဒီတခါ ဆွမ်းကပ်ရင်တော့ သေချာအမျှပေးဝေပြီး ရေစက်ချဖို့ ဆုံးဖြတ်လိုက်မိသည်။

တိုင်ကပ်နာရီကို အမှတ်မထင် လှမ်းကြည့်မိတော့ မနက် ၉ နာရီ ထိုးလုပြီဖြစ်သည်။ သူမလည်း ဥပုသ်ကျောင်းသွားရန် အသင့်ဖြစ်နေပြီမို့ ဆွမ်းချိုင့်ကို ဆွဲယူကာ အိမ်အပြင်လှမ်းထွက်လိုက်သည်။ အိမ်အတွင်းခန်း အမဖြစ်သူဆီမှ မေတ္တာပို့သံ သဲ့သဲ့ကို ကြားရင်း ဒေါ်သီသီစိတ်ထဲကပါ ‌‌ေမတ္တာပို့လိုက်မိသေးသည်။ မြေသားလမ်းပေါ်လှမ်းလျှောက်ရင်း ဆရာတော်ပြောလေ့ရှိသော သွားသတိ၊ လာသတိ ဟူသော စကားကို ကြားယောင်မိသည်။ ခြေလှမ်းတစ်လှမ်းစီမှာ ကြွတာ၊ လှမ်းတာ၊ ထိလိုက်တာ စသည်တို့ကို အဆင့်ဆင့်လိုက်မှတ်ကြည့်ရင်း ပြောသလောက် အဆင်မချောဟု ခံစားရမိသည်။ တခါတရံ ကျော်သွားတာ၊ လှုပ်ရှားမှုနဲ့ အမှတ် မကိုက်တာကိုလည်း သတိပြုမိရသည်။ ဒီလိုနဲ့ ဘုန်းကြီးကျောင်း ရှေ့သို့ ရောက်သွားတာနှင့်တပြိုင်နက် ဒေါ်သီသီတစ်ယောက် မနက်တုန်းက ခံစားနေရသည့် လေးလံမှုများ လျော့ပါးနေတာ သတိပြုမိလိုက်သည်။ တရားဟောရာ ဓမ္မာရုံသို့ ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး ဆွမ်းချိုင့်ကို ဘုရားရှေ့မှောက်မှာ ကပ်လှူထားကာ တရားနာဖို့ နေရာယူထားလိုက်လေတော့သည်။

မနက်ခင်း သီလပေး၊တရားနာ ပြီးသည့်အချိန်တွင် ဆယ်နာရီ ခွဲခန့်ရောက်နေပြီဖြစ်သည်။ ဒေါ်သီသီလည်း   ဆရာတော် ဆွမ်းဘုန်းမပေးခင် ခနနားတဲ့အချိန်မှာ ဆွမ်းကပ်ဖို့ သွားလျှောက်လိုက်သည်။ ဆွမ်းကပ်ဖို့ ရက်ရသည်နှင့် ဒေါ်သီသီ့အတွေးထဲ ဝင်လာသည်မှာ ခင်ပွန်းဖြစ်သူ၏ သတင်းကြားရသည့် နေ့ကို စဉ်းစားကြည့်သော်လည်း မမှတ်မိသလိုဖြစ်နေသည်။ လွန်ခဲ့သော ၇ နှစ်ခန့်က ဆုံးပါးသွားသော ခဲအိုဖြစ်သူ၏ နေ့ကိုလည်း မမှတ်မိနေတာ သိလိုက်ရသည်။ ဥပုသ်စောင့် တရားနာအပြီး တခြားဥပုသ်သည်တွေ စကားဝိုင်းသို့ ဝင်မပါနိုင်ဘဲ ဒေါ်သီသီ အတွေးများနေရသည်။ သူ့စိတ်ထဲမှာ ပြောစရာစကားတွေ များနေသလို ခံစားရပြီး အမှန်တကယ် စကားဝိုင်းမှာတော့ တစ်ခွန်းမျှ ပြောထွက်မလာခဲ့ပါ။ အိမ်ပြန်ရန်သာ စိတ်စောနေမိပြီး ဝေယျာဝစ္စ အနည်းငယ်ကူလုပ်ပြီးတာနဲ့ ဒေါ်သီသီတစ်ယောက် အိမ်သို့ အမြန်ပြန်လာခဲ့သည်။ အိမ်ရောက်သည်နှင့် တပတ်ကို ချပြီး အမထိုင်နေတဲ့ ပက်လက်ကုလားထိုင်ဘေးကို ချက်ချင်းလျှောက်သွားလိုက်သည်။ အမဖြစ်သူ၏ ဆွမ်းကပ်ဖို့ လျှောက်တာ အဆင်ပြေရဲ့လားဆိုသည့် အမေးကို ဖြေရင်း စကားဆက်ပြောမိသည်။ ဥပုသ်ကျောင်းမှာ တွေးမိသည့်အကြောင်းများကို ပြောပြရင်း

ဒေါ်သီသီစိတ်ထဲကိန်းအောင်းနေသည့် ခင်ပွန်းဖြစ်သူ ပြန်လာသည့် အိမ်မက်များအကြောင်းပါ ပြောပြမိလိုက်သည်။ ဒီအိပ်မက်‌ေတွ မက်ခဲ့တာ တကယ်အံ့ဩမိကြောင်း ပြောလိုက်ရာမှ 

 တစ်ချိန်လုံး ငြိမ်နားထောင်နေသော အမဖြစ်သူ၏ “ညည်းစိတ်ထဲမှာ သူ့ကို မသေစေချင်လို့ ဖြစ်မှာပေါ့” ဆိုတဲ့စကားကြားကြားချင်း ဒေါ်သီသီတ‌စ်ယောက် ဆွံ့အသွားသလို ခံစားလိုက်ရသည်။ ဒီစကားတစ်ခွန်းကြောင့်ဒေါ်သီသီတစ်ယောက် အံ့အားသင့်လျက်သားဖြစ်သွားရသည်။ သူမဘဝမှာ တခါမှ ဒီလို မတွေးဖူးသလို ထင်ရပေမယ့် ဒီစကားကို ကြားလိုက်ရချိန်မှာတော့ မငြင်းနိုင်အောင် ဖြစ်ရသည်။ ထုတ်မပြောနိုင်ခဲ့သလို ကိုယ့်ကိုယ်ကိုယ် သတိမထားမိခဲ့ပေမယ့် သူမ၏ မသိစိတ်ကတော့ အိပ်မက်ထဲမှာ အကြိမ်များစွာ တောင်းဆိုဖွင့်ဟ နေခဲ့တာကို  သိလိုက်ရသည်။ လွန်ခဲ့သော အနှစ် ၄၀ ‌ခန့်က ဒေါ်သီသီကို ပြန်မြင်ယောင်လိုက်မိသည်။ အသက် ၂၀ ကျော်အရွယ်မှာ လသားလေးကို ထိန်းရင်း သူမဘဝရဲ့ အားကိုးရာ အမျိုးသားကို ဆုံးရှူံးလိုက်ရချိန်မှာ မဖော်ပြနိုင်လောက်တဲ့ ပူဆွေးမှုကို ဖုံးကွယ်ရင်း သားလေးအတွက် ရှေ့ဆက်ဖို့သာ ဦးစားပေး စဉ်းစားခဲ့ရတဲ့ သူမဘဝကို ဒေါ်သီသီ ရုပ်ရှင်ပြကွက်တစ်ခုလို ပြန်မြင်ယောင်လိုက်မိသည်။ အခုချိန်မှာ သိလိုက်ရတာက သူမ သတိမထားမိဘဲ တချိန်လုံး ဆန္ဒရှိနေခဲ့တဲ့ အရာဟာ ခင်ပွန်းဖြစ်သူ ဘေးအန္တရာယ်ကင်းကင်း ပြန်ရောက်လာဖို့ဖြစ်ပြီး သိစိတ်ထဲမှာ ဆုံးရှူံးမှုကို လက်သင့်မခံနိုင်ဖြစ်ခဲ့ရတာကို နားလည်လိုက်ရသည်။အဲ့ဒီအသိနဲ့အတူ သူမရင်ထဲမှာ ပိတ်ဆို့နေတဲ့ အရာတစ်ခုဟာ ထုတ်ချင်းပေါက် ပွင့်ဟသွားသလို ခံစားလိုက်ရပြန်သည်။ပေါ့ပါးလာသလို ခံစားနေရပေမယ့် မျက်ရည်တွေ ဝေ့တက်လာပြီး အလိုအလျောက် စီးကျလာတာကို လက်ခုံနဲ့ အသာအယာသုတ်ပြီး အမဖြစ်သူများ တခုခုပြောလေမလားဆိုသည့် အတွေးဖြင့်  မော့ကြည့်လိုက်မိသည်။ ဒါပေမယ့် အမဆီက စကားသံထွက်မလာဘဲ အဝေးတစ်နေရာကို ငေးကြည့်နေတာကိုပဲ တွေ့လိုက်ရပါသည်။

မျက်ရည်စများကို အသာအယာသုတ်လိုက်ရင်း ဒေါ်သီသီ၏ စိတ်ထဲမှာ ပိတ်ဆို့နေသော အစိုင်အခဲများ၏နောက်ကွယ်မှ သူမ၏ ဆုံးရှူံးမှုကို လက်ခံရန်အသင့်မဖြစ်ခဲ့သော အခြေအနေကို အခုချိန်မှာ ပြန်လည်မြင်ယောင်မိပြန်သည်။ ရင်ထဲက လေးလံမှု အစိတ်အပိုင်းများသည် မျက်ရည်နှင့်အတူ တချို့တဝက်ပါသွားကာ ပေါ့ပါးလာသလို အသက်ကိုဝဝရှူသွင်းလိုက်မိသည်။ အမ၏ စိတ်အလျင်မှာ မျောကာ ငေးမောနေပုံကို တချက်ငဲ့ကြည့်ရင်း မိမိ၏ အခြေအနေကို ပြန်လည် တွေးတော ကြည့်ချင်မိပြန်သည်။ အမဖြစ်သူနားမှ အသာအယာထလာရင်း အိမ်နောက်ဖေးသစ်ပင်ပန်းမန်များကြားသို့ ခနထွက်လာမိခဲ့သည်။ ဘာရယ်မဟုတ်သော်လည်း အပင်တွေကြား လမ်းလျှောက်ရင်း အသက်လေး ပုံမှန်ရှူဖြစ်သည့်အချိန်တွင် ခနတာ ငြိမ်းချမ်းမှုကို ခံစားရသည်။ အရွက်နုလေးတွေ ထွက်နေသည့် ရွက်သစ်ဝေမည့် အကိုင်းအခက်လေးတွေကို ကြည့်ရသည်မှာ တမျိုးတဖုံ ခံစားချက်ကောင်းလှသည်။ ပွင့်စပြုနေသည့် နှင်းဆီပန်းများကို မြင်တော့ မွှေးရှိုက်ကြည့်မိကာ  ဒေါ်သီသီကိုယ်တိုင်ပင် သတိမထားမိခင် ပြုံးမိလိုက်သည်။ ဒီနေ့ကတော့ ဒေါ်သီသီအတွက် မကြုံဖူးသော နေ့တစ်နေ့လို ခံစားလိုက်ရသည်။ရင်ထဲတွင် ပေါ့ပါးခြင်း၊လစ်ဟာခြင်း၊ဝမ်းနည်းခြင်း၊အံ့ဩခြင်း စသည့် စိတ်ခံစားချက်များ မျိုးစုံလှုပ်ခတ်သွားသည့် နေ့တစ်နေ့ဖြစ်သလို ဒေါ်သီသီအတွက် ကိုယ့်ကိုယ်ကိုယ် သတိပြုမိသော နေ့တစ်နေ့လည်း ဖြစ်ပြန်တော့သည်။ သူမ၏ တစ်နေ့တာကို ပြန်လည် သုံးသပ်ရင်း တစ်နေကုန်စိတ်ပင်ပန်းစရာများ ကြုံတွေ့ခဲ့ရသော်လည်း ပြန်လည်ပြေလျော့စေသည့်အရာများလည်း ရှိနေပြန်သည်။ သစ်ပင်တွေကြားမှာ လမ်းလျှောက်ရင်း တွေးတောရင်း အသက်ဝဝရှူရသည်ကို စိတ်ကျေနပ်လာသည်။ ဒေါ်သီသီတစ်ယောက် အမဖြစ်သူကိုပါ အတွေးထဲဝင်လာမိသည်။ အမဖြစ်သူအတွက် နေမကောင်းသည်ကို အကြောင်းပြပြီး  အိမ်ထဲမှာပဲ တစ်နေကုန် အချိန်မကုန်စေဘဲ တခါတရံ အိမ်နောက်ဖေး အပင်တွေကြားမှာ ညီအမနှစ်ယောက် အတူလမ်းလျှောက်ရလျှင် ကောင်းမည်ဟု တွေးလိုက်မိတော့သည်။ ထိုစဉ်ခနတွင်တော့  ဒေါ်သီသီတစ်ယောက် ငြိမ်းချမ်းမှုကို ခံစားရင်း နောက်လာမည့် နေ့ရက်တို့ကို ကျော်ဖြတ်ရန် အင်အားရှိနေသယောင် မြင်ယောင်မိပါတော့သည်။

Khaing Ji

Exit mobile version