By Laynu Aye
Ceri’s Sanctuary
မနက်ခင်းတစ်ခုရဲ့အစမှာ ကြည်ကြည်လင်လင်နဲ့နိုးထလာရတယ်ဆိုတဲ့ ခံစားချက်ကို ခံစားဖူးလား။
နေထွက်ခါစ မနက်ခင်းလေးတစ်ခုမှာ အိပ်ခန်းပြတင်းပေါက်ကနေ ဖြာကျနေတဲ့ အလင်းရောင်က ခန်းစီးအဖြူစလေးအပေါ် ကျနေတယ် လေလေးတဖြူးဖြူးတိုက်နေတာကြောင့် ခန်းစီးလေးဟာ လူးကာလွင့်ကာနဲ့ မြင်ရတဲ့သူမှာ အနုပညာတစ်ခုကို ခံစားနေရသလို ဖြစ်နေတယ်
ဒီမြင်ကွင်းကို ကြည့်ရင်း လေနုအေးရဲ့ထိတွေ့မှုကို အသေအချာလေးခံစားနေတဲ့ လူတစ်ယောက်က ပြတင်းပေါက်နားက ထိုင်ခုံလေးမှာ ကော်ဖီတစ်ခွက်ကို ဇိမ်ခံသောက်ရင်း ထိုင်နေတယ်
ချက်ချင်းဆိုသလိုပဲ လွင့်နေတဲ့ခန်းစီးစလေးကိုကြည့်ရင်း သူအတွေးတစ်ချက်ဝင်လာတယ်
‘ငါ ဒီမြင်ကွင်းကို ရေးဦးမှပဲ’
‘“တကယ်က ဒီအတွေးက ကျွန်တော့်အတွေးပါပဲ
ခန်းစီးစလေးက အဖြူရောင်လေးကိုမှ ဇာကွက်လေးတွေနဲ့ဆိုတော့ သူ့ဆီနေရောင်ခြည်ဖြာအကျမှာ ပေါ်လာတဲ့အရိပ်ကွက်လေးတွေက ဘယ်လောက်လှလိုက်လဲ မြင်ယောင်ကြည့်ပေါ့ဗျာ
ကျွန်တော်က ပန်းချီဆရာဗျ၊ ကျွန်တော့်အနားမှာ ဖြစ်ပျက်သွားသမျှအရာတွေ မြင်ကွင်းတွေကို ချက်ချင်းဆိုသလို ပန်းချီကားတစ်ချပ်လို မြင်ယောင်ကြည့်တတ်တဲ့ စိတ်အာရုံလေးကို ပိုင်ဆိုင်ထားတဲ့ သူပါ ၊ နာမည်က သီဟ ၊ ပန်းချီဆရာတစ်ယောက်ရဲ့နာမည်အနေနဲ့ ခပ်တောင့်တောင့်ဖြစ်နေမလားတော့မပြောတတ်ဘူး၊ နာမည်က ကျွန်တော်နဲ့တော့ လိုက်တယ် ကျွန်တော်လည်းတောင့်တောင့်ကြီးပဲ ထင်တယ် ၊ မလိုက်တာက ကျွန်တော်ရဲ့ စိတ်အားထက်သန်ရတဲ့အလုပ် ပန်းချီဆရာအလုပ်ပေါ့ဗျာ
ကျွန်တော် နာမည်ကို ဒီတိုင်းပဲပေးထားမိတာ ပန်းချီဆရာနာမည်သီးသန့်ပေးမထားမိခဲ့ဘူး
ဘာလို့လဲတော့ ကျွန်တော်လည်း အခုထိ မစဉ်းစားတတ်သေးဘူး
နာမည်ပေးချင်ပြီး မပေးဖြစ်တာမျိုးပေါ့
ဒီလိုပါပဲ ကျွန်တော့်ဘဝမှာ ပြောချင်ပြီး မပြောဖြစ်ခဲ့တာတွေလည်း ဒုနဲ့ဒေး။
ဒီတိုင်း ကျွန်တော်ရေးထားတဲ့ ပန်းချီမှန်းသိသာအောင် ကျွန်တော်ပဲသိတဲ့ Sign အမှတ်အသားလေးတစ်ခုတော့ အမြဲထည့်ရေးဖြစ်တယ်
ဒီလိုလုပ်ရတာလေးကိုလည်း စိတ်ထဲသိပ်ကျေနပ်တာပဲ ကိုယ့်ကိုယ်ကို တစ်ခုခုထူးခြားသလို ခံစားရတာမျိုးပေါ့ သိပ်တော့မပြောပြတတ်ဘူး
အခုဒီစာဖတ်နေတဲ့သူရော ဒီအထိဖတ်ရင်း ဘယ်လိုလေးခံစားလိုက်ရလဲ ဆက်ဖတ်ချင်စိတ်ရောရှိရဲ့လား
ကျွန်တော့်အကြောင်းသိချင်ရင်တော့ ဆက်ဖတ်ပေါ့ဗျာ ကျွန်တော်တော့ လုပ်စရာရှိတာလေး ဆက်လုပ်လိုက်ပါဦးမယ်”’
လွန်ခဲ့သော (၃) လခန့် က
“သီဟရေ…….သီဟ…….သီဟရှိလား”
အချိန်က မိုးစင်စင်လင်းနေပြီ၊ ခြံရှေ့ကနေ လူတစ်ယောက် လှမ်းအော်ခေါ်နေတာ ကျယ်လွန်းလို့ သီဟလန့်နိုးသွားတယ်
“ဟေး ……. ဘယ်သူလဲကွ”
“ငါပါကွ ..မင်းလွင်ပါ … မင်းကိုဖုန်းခေါ်တာ မကိုင်လို့ ငါရောက်လာတာ”
ကြည့်လိုက်တော့ အိမ်နီးချင်း ငယ်သူငယ်ချင်း မင်းလွင်ဖြစ်နေတယ်
သီဟ အိမ်အပေါ်ထပ်ကနေ အိပ်ချင်မူးတူးနဲ့ ဆင်းလာပြီး ခြံတံခါးဖွင့်ပေးလိုက်တယ်
“အေးပါကွာ လာ လာ ငါခုမှနိုးလို့ သားကြီးရေ ဘာကိစ္စလဲ”
“ဆောရီးကွာ ငါမင်းနိုးလောက်ပြီထင်ပြီး လာလိုက်တာ ၊ ကိစ္စဆိုတာထက် ငါတို့သူငယ်ချင်းတွေမဆုံတာ ကြာပြီလေ အခု နယ်က တချို့သူငယ်ချင်းတွေ ရန်ကုန်မှာလာနေနေကြတုန်း ဆုံကြဖို့ ချိန်းနေကြတာ ၊ အဲ့ဒါ မင်းကို ဆက်သွယ်မရလို့ ငါ့ကိုအိမ်ထိသွားပြောပေး ဆိုလို့ဟေး …”
“ဟုတ်လား အေး ငါအခုတလောတော့သိပ်မအားဘူး ပန်းချီပြပွဲလည်း နီးနေလို့ ဘယ်နေ့လဲပြောပါဦး”
“ရက်အတိအကျတော့မသိသေးဘူး ညှိပြီးပြန်ပြောမယ်လေ မင်းကရော ဘယ်နေ့တွေရလဲ”
“အေး ငါလည်းမပြောတတ်ဘူး မင်းတို့ပဲညှိလိုက်ပါ အဲ့နေ့ငါအားရင်လာတာပေါ့”
“အေးပါ ပြီးရော … မင်းကလည်း ဖုန်းဆက်ရင် ကိုင်ပါကွ”
“အေးပါ ကိုင်ပါ့မယ် ငါလည်း မကြားလိုက်တာတို့ ဘာတို့နဲ့ ပြီးမှ ပြန်ခေါ်မယ်တွေးပေမယ့် အလုပ်ထဲစိတ်ရောက်သွားရင် ပြန်မေ့သွားရောကွာ အားနာတယ် ငါ့ကောင်”
“အေးပါကွာ ဒါဆို ငါပြန်မယ် …အပြင်သွားစရာရှိလို့ မင်းဆီအရင်ဝင်လိုက်တာ သွားပြီဟေး”
“အေးအေး နောက်မှတွေ့မယ်”
သူငယ်ချင်း မင်းလွင် ပြန်သွားတော့ သီဟတစ်ယောက် စဉ်းစားခန်းဖွင့်နေမိတယ်
‘ဒီကောင်တွေနဲ့မတွေ့တာကြာတာတော့ ဟုတ်ပါပြီ ၊ တွေ့ပြီးဘာတွေပြောကြမှာလဲ ၊ ငါ့စိတ်က မသွားချင်တာတော့အမှန်ပဲ မသိတော့ဘူးကွာ သူဖုန်းဆက်မှပဲ အကြောင်းတစ်ခုခုပြပြီး ငြင်းလိုက်တော့မယ်’
သီဟဟာ သူ့ရဲ့မနက်ခင်းလေးကို အိပ်ချင်မူးတူးနဲ့ စဉ်းစားခန်းတွေဖွင့်ရင်း ဖြတ်သန်းလိုက်ရတော့တယ်
စိတ်ထဲမှာတော့ ငါဘယ်လိုငြင်းရင်ကောင်းမလဲဆိုတဲ့အတွေးတစ်သီတစ်တန်းနဲ့ ရေချိုးခန်းထဲဝင်သွားလိုက်တယ်
ရေချိုးပြီးတော့ အတွေးလွန်နေတဲ့စိတ်တွေကို သတိလေးပြန်ကပ်ရင်း လုပ်စရာရှိတာတွေလုပ်ဖို့ဆီကိုပဲ အာရုံစိုက်လိုက်တော့တယ်
‘ငါဒီနေ့တော့ အပြီးသတ်စရာပန်းချီတစ်ကားရှိနေတာပဲ ၊ ဒါလေးအရင်အပြီးသတ်လိုက်ဦးမယ် ပြီးမှဘာဆက်လုပ်မလဲတွေးတာပေါ့’ ဆိုပြီး သီဟ တစ်ယောက်တည်း စကားပြောနေတယ်
သီဟက ပန်းချီဆွဲပြီဟေ့ဆို ပန်းချီထဲနစ်မျောပြီး ထမင်းမေ့ ဟင်းမေ့ တစ်နေကုန်နှစ်ပါးသွားတော့တာ
ဒါကလည်း သီဟရဲ့အကျင့်ဆိုတော့ သိပ်မထူးဆန်းပါဘူး
ထူးဆန်းတာတစ်ခုတော့ သီဟအခုတလော သူ့ကိုယ်သူ သတိထားမိနေတယ် ၊ ဘာလဲဆိုတာကိုတော့ သူသေချာမသိသေးဘူး ဒါကို သူကိုယ်တိုင်သတိထားမိနေတာ ကြာပြီ ။
‘တစ်ခုခုကတော့ လိုအပ်နေသလိုကြီးကွာ ဘာမှန်းတော့ ငါအမည်မဖော်တတ်သေးဘူး စဉ်းလည်းမစဉ်းစားချင်ဘူး’ ဆိုပြီး သူက ဝရန်တာမှာ တစ်ခါတရံ ရေရွတ်နေတတ်တယ်
ဒီလိုနဲ့ တစ်ရက်ကုန်ဆုံးသွားပြန်တယ် သီဟလည်း ပန်းချီလက်စသတ်ပြီး စားစရာရှိတာစား ၊ ပင်ပန်းနေတာ သတိထားမိတော့ သီချင်းခပ်အေးအေးလေးဖွင့်ပြီး အေးအေးလူလူနဲ့ တစ်ညတာကိုဖြတ်သန်းအိပ်စက်လိုက်တော့တယ်
နောက်ရက်တွေမှာလည်း ပုံမှန်ပဲကျော်ဖြတ်နေတယ် ၊ သီဟတစ်ယောက် ပန်းချီပြပွဲအတွက် ထပ်ရေးရမယ့်ကားတွေအတွက် အစီအစဉ်တွေချလိုက် ၊ ပန်းချီလေးထရေးလိုက် ကော်ဖီလေးသောက်လိုက်နဲ့ သံစဉ်လေးတွေဖွင့်ထားရင်း သူ့ရဲ့ ပန်းချီကမ္ဘာထဲ မျောနေတဲ့ကာလတွေပေါ့ ၊
သူ့ရဲ့ နေ့စဉ်ပုံမှန်လေးအတိုင်း စီးဆင်းနေရင်း သူ့ကိုယ်သူထူးဆန်းတာတစ်ခု သတိထားမိနေတယ်ဆိုတာလေးကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။
ဒီလိုနဲ့ သီဟရဲ့ပန်းချီပြပွဲရက်က နီးသထက်နီးလာတယ် ၊ အလုပ်တွေလည်းရှုပ်ပြီးရင်းရှုပ်နဲ့ အနားမရတဲ့ရက်လေးတွေစိပ်လာပြီး သီဟ ပင်ပန်းလာတယ်
တစ်ရက် အိမ်မှာပဲ သေချာလေးနားဖြစ်နေတုန်း ဟိုနေ့က အိမ်လာတဲ့သူငယ်ချင်း မင်းလွင် ဖုန်းဆက်လာတယ်
Ringtone သံက မကိုင်မချင်း သံစဉ်လေးတွေ လေထဲလွင့်လို့ပေါ့
သီဟ သီချင်းလိုက်ဆိုမိပြီး ဖုန်းကို ချက်ချင်းမကိုင်ဖြစ်လိုက်ဘူး
🎵 Let it be ….. Let it be ………..🎵 Let it be 🎵🎵🎵Let it be 🎵
သီချင်းသံလေးကြားထဲရပ်သွားမှ သီဟဖုန်းကောက်ကိုင်လိုက်တယ်
“ဟယ်လို အေး သားကြီး ပြော …”
“အေး ငါတို့တွေ့ဖို့ရက် ရပြီ သဘက်ခါတွေ့ကြမလို့ မင်းရော အဆင်ပြေတယ်မလား….”
သီဟစိတ်ထဲ သူ့ပန်းချီပြပွဲနဲ့အရမ်းကပ်နေတယ်ဆိုတာကို အကြောင်းပြလို့ရပြီဆိုပြီး လှစ်ခနဲ ဝမ်းသာသွားတယ်
“အေးကွာ ငါလည်း ပန်းချီပြပွဲက တအားနီးနေပြီ အဲ့ဒီ့အတွက် နေ့မအား ညမနား ပြင်ဆင်နေရတာနဲ့ အလုပ်တွေရှုပ်နေတာ၊ အပြီးသတ်စရာလေးတွေလည်း ကျန်နေသေးတာကွာ နောက်တစ်ခေါက်မှပေါ့”
“မင်းကလည်း လုပ်ပြီ ငါအိမ်ထိတောင် လာပြောထားတာလေကွာ၊ မင်းဟာက အမြဲငြင်းနေတော့တာပဲ”
“တကယ်ပါကွာ ငါတကယ်မအားတာ အဲ့နောက်ပိုင်းကျမှ အေးအေးဆေးဆေး ပြန်တွေ့မယ်လေကွာ”
“အေးအေး ပြီးရောကွာ ဒါဆိုလည်း နောက်တစ်ခေါက်မှပေါ့”
ဖုန်းချပြီးတာနဲ့ သီဟစိတ်ထဲ အတော်လေးပေါ့သွားတယ်
‘ကဲ တစ်ခုတော့ဖြေရှင်းပြီးပြီ ၊ နောက်ပိုင်းတွေ့တာမတွေ့တာ နောက်ကိစ္စ ၊ အခုတော့ ကိုယ်လုပ်စရာရှိတာ ကိုယ် စိတ်ဖြောင့်ဖြောင့်နဲ့လုပ်နိုင်ပြီ’ ဆိုတဲ့ အတွေးနဲ့ သီဟအတော်လေး ကျေနပ်နေတယ်
သောက်လက်စကော်ဖီလေး ဆက်သောက်ရင်း သံစဉ်လေးတွေ ထဖွင့်လိုက်တယ်
ကော်ဖီရဲ့အနံ့ကလည်း အခန်းတစ်ခုလုံး သင်းမြလို့ ဒါကိုခံစားကြည့်ရင်း သီဟရဲ့စိတ်လေးက
အတော်လေး ကြည်လင်နေတယ်
သီဟက ဒီလိုပဲ အမြဲတမ်းတစ်ခုခုဆို သေချာလေးလိုက်ခံစားကြည့်တတ်တယ်၊
သီဟက ကော်ဖီခွက်ယူရင်း ဝရန်တာမှာလေကောင်းလေသန့်လေးရှူဖို့ ထထွက်လာလိုက်တယ်၊ ဝရန်တာမှာ အပင်မျိုးစုံ စိုက်ထားတယ်၊ သီဟအကြိုက်ဆုံးနေရာလေးထဲကတစ်ခုမှာ ဒီဝရန်တာလေးကလည်း မပါမဖြစ် ရှိနေတယ်၊ တစ်ခါတလေ ဒီနေရာလေးမှာ ပန်းချီထွက်ဆွဲတတ်သေးတယ်
သူအကြိုက်ဆုံးအပင်တွေရှိတဲ့ ဒီနေရာလေးက သူ့အတွက်အသက်ရှူချောင်တဲ့ အသက်ဝဝရှူလို့ရတဲ့ နေရာလေးတစ်ခုလိုလည်း သူခံစားရတယ်၊ ဒီနေရာလေးကနေဆိုရင် ငှက်သံလေးတွေပိုကြားရတယ် ၊ လေတိုးလာရင် လေ လေးက ပိုလတ်ဆတ်သလို ခံစားရတယ်
သီဟက လေနုအေးလေးတွေကိုလည်း ရူးသွပ်တတ်သူတစ်ယောက် ဖြစ်နေပြန်သေးတယ်လေ၊ ဒီဝရန်တာလေးကနေ လှမ်းကြည့်ရင် မြင်ရတဲ့ စက္ကူပန်းရုံက သီဟကို အမြဲတမ်း ဆွဲဆောင်နိုင်လွန်းတယ်လို့ သီဟ ခံစားရတယ် ဒီမြင်ကွင်းကို ကြိုက်လွန်းလို့ပဲ သီဟက ဒီနေရာလေးကို ပိုကြိုက်နေမိတာလည်း ဖြစ်တယ်၊
အမြဲတမ်း ဂရုစိုက်ခံရမှုမရှိရင်တောင် သူ့ဟာသူတောင့်ခံရှင်သန်နိုင်တဲ့ ၊ ခြောက်သွေ့နေတဲ့ကြားကနေ အရိုးပြိုင်းပြိုင်းနဲ့ ပန်းတွေပွင့်ပေးတတ်တဲ့ ဒီစက္ကူရောင်စုံတွေကိုတော့ သီဟက အကြိုက်ဆုံးဖြစ်တယ်၊ ခြံစည်းရိုးပတ်လည်မှာ စိုက်ထားသလို ဝရန်တာမှာတော့ ပျိုးထားတာလေးတွေရော အပွင့်ရောင်စုံလေးတွေရောရှိနေတတ်တယ် ၊သူဟာ ဒီစက္ကူပန်းတွေကို ပန်းချီအဖြစ် ခဏခဏပြောင်းလဲပေးတတ်တယ် ၊ သူ့ပန်းချီကားတွေထဲမှာ စက္ကူပန်းရုံတွေ ၊ အရိုးပြိုင်းပြိုင်းနဲ့ လှလှပပဖူးပွင့်နေတဲ့ စက္ကူပန်းပင်လေးတွေ၊ ဒါတွေက အများဆုံးလို့တောင် ဆိုရမလိုပါပဲ။
သီဟအတွက်တော့ စက္ကူပန်းပင်တွေဆိုတာ အနံ့မရှိပေမယ့် သူ့မျက်လုံးထဲမှာ ကြံ့ခိုင်ပြီးလှပတယ် ၊ ကိုယ်တိုင်ရပ်တည်နိုင်စွမ်းရှိတယ်လို့မြင်တယ် ၊ လေသန့်ပင်လေးလည်းဖြစ်တော့ လောကကိုအကျိုးပြုနေတဲ့အပင်လေးအနေနဲ့ပါ သီဟမြတ်နိုးရတဲ့ အပင်မျိုးစိတ်လေးတစ်ခုပါပဲ။
သီဟ ဝရန်တာကနေ ခြံထဲကို လှမ်းငေးနေရင်း လတ်ဆတ်တဲ့လေကို ရှူနေရလို့ ခံစားချက်ကသိပ်နေလို့ကောင်းနေတယ် ၊ တစ်ဆက်တည်းမှာပဲ သီဟ သူ့အကြောင်းသူပြန်တွေးနေမိတယ်
သီဟက လူတွေကို ပြောနေကျ စကားလေးတွေရှိတယ်
“ကျွန်တော်က လူတစ်မျိုးဗျ ၊ ကိုယ့်လက်ရာတိုင်းကို ချပြနေတတ်တဲ့သူမျိုးတော့မဟုတ်ဘူး ၊ ပန်းချီတွေအများကြီးရေးတာ မှန်တယ် ဒါပေမယ့် ကျွန်တော်ရေးထားသမျှတိုင်းကတော့ လူတွေရှေ့ရောက်မနေတတ်ဘူး ၊ ကျွန်တော်စိတ်တိုင်းအကျဆုံး ပန်းချီကားဆိုမှ ချပြတာမျိုးပေါ့၊ အဲ့တော့ ကျွန်တော့်ပန်းချီတွေကို လူတွေမြင်ရဖို့ တော်ရုံခက်ခဲတာမျိုးပေါ့ဗျာ ၊ လူတွေကတော့ဘယ်လိုမြင်မလဲမသိဘူး ၊ ဘယ်လိုမြင်မြင်စိတ်တော့မဝင်စားပါဘူး၊ ကိုယ့်ကိုယ်ကိုတော့ တော်ရုံရှေ့ရောက်ရမယ့်ကိစ္စတွေမှာ ရှေ့မရောက်ဘဲ ကြန့်ကြာနေခဲ့တဲ့အချိန်တွေက ဒါတွေနဲ့ အနည်းငယ် ဆက်စပ်နေမယ် လို့တော့ထင်မိတာပဲ”
ဒီစကားတွေက သီဟက သူ့မိတ်ဆွေတချို့ကိုတွေ့ရင်ပြောနေကျ စကားလုံးတွေဖြစ်တယ်
သူအဲ့လိုပြောလိုက်ရရင်လည်း စိတ်ထဲမှာ ကျေနပ်နေတတ်တယ်
‘ငါက Masterpiece တွေမှ ချပြတတ်တဲ့သူမျိုးကွ ၊ ငါက သူမတူဘူးကွ’ ဆိုတဲ့ အတွေးလေးတွေနဲ့ သူ့ခေါင်းထဲမှာဒါလေးတွေကို တွေးတွေးပြီး ဂုဏ်ယူနေတတ်တယ်။
သီဟ အဲ့လိုဖြစ်တယ်ဆိုတာကလည်း တစ်ဖက်ကကြည့်ရင်တော့ ဖြစ်စရာပဲလို့ပြောရမလိုပါပဲ။ ဘာလို့ဆို သီဟက Best Seller Artist တစ်ယောက်ဖြစ်သလို သူ့ပန်းချီတွေက တစ်ကားဆိုတစ်ကား တန်ဖိုးကနည်းတာ မဟုတ်ဘူး၊ နာမည်ကြီးပန်းချီဆရာဆိုတဲ့ အတွေးလေးကလည်း သီဟအတွက် သူ့ကိုယ်သူအများကြီး ဂုဏ်ယူစေတယ်
ဒီလိုနဲ့ နေ့ရက်တချို့ဖြတ်သန်းရင်း ပန်းချီပြပွဲနေ့ကို ရောက်လာတယ် ၊ ပန်းချီပြခန်းက ရန်ကုန်မြို့လယ်ခေါင်က တာဝါတစ်ခုမှာ ကျင်းပမှာ ဖြစ်တယ်။
သီဟတစ်ယောက် ပန်းချီပြခန်းသွားဖို့ အိမ်ကနေ စောစော ထွက်လာခဲ့တယ်၊ လမ်းမှာ ပြခန်းရဲ့အလယ်က စားပွဲလေးပေါ်မှာ ပန်းထိုးထားဖို့အတွက် ကြိုတင်မှာထားတဲ့ ပန်းစည်းလေး ဝင်ယူလိုက်တယ်၊
သီဟရဲ့မနက်ခင်းက ဆူညံသံတွေမလာခင် ဝေလီဝေလင်းအချိန်လေးဖြစ်နေတယ်၊ ကားပြတင်းပေါက်ကဝင်လာတဲ့ လေနုအေးလေးရဲ့ အထိအတွေ့ကို ခံစားမိရုံနဲ့ သီဟစိတ်ကပိုပြီး လန်းဆန်းလာတယ် ၊ လေလေးတဖြူးဖြူးနဲ့ စိတ်ကြည်နူးစွာ ကားလေးမောင်းရင်း ရင်ထဲမှာလည်း ဒီနေ့ပြပွဲအတွက် လှိုက်လှိုက်ပြီး ဝမ်းသာနေသလို စိတ်လည်း လှုပ်ရှားနေတယ်ဆိုတာလေးကို သီဟ ကိုယ့်ကိုယ်ကို သတိထားမိနေတယ်၊ သီဟမျက်နှာက ပြုံးနေတာများ “ဂုဏ်ယူမဆုံး တပြုံးပြုံး”လို့တောင် ဆိုရမလိုပါပဲ
ပြခန်းရောက်တော့ တာဝန်ကျ ညီမလေးတစ်ယောက်ပဲတွေ့တယ် ၊ သူ့ကိုညွှန်ကြားစရာရှိတာညွှန်ကြားပြင်ဆင်ရင်း တဖြည်းဖြည်း မိုးစင်စင်လင်းလာတော့တယ်
ပန်းချီပြပွဲ စပါပြီ ၊ အသိမိတ်ဆွေတွေ ၊ ပန်းချီပညာရှင်တွေ ၊ ဝါသနာရှင်တွေနဲ့ ဒီတစ်ခါတော့ ထူးထူးခြားခြား လူငယ် လေးတွေ အတော်များများပါ ရောက်လာကြတယ်၊
သီဟတစ်ယောက် အသိတွေတွေ့ရင် စကားစမြည်ပြောလိုက် ၊သူထိုးထားတဲ့ ပန်းအိုးရှိတဲ့ စားပွဲနားမှာသွားရပ်လိုက်နဲ့ ရင်ထဲမှာ ပီတိတွေ ပေါက်ဖွားနေတော့တယ်
ဒီအချိန်မှာပဲ လူငယ်တစ်စုရဲ့ တစ်ယောက်ကိုတစ်ယောက် သူနိုင်ကိုယ်နိုင် စကားတွေကျယ်ကျယ်ပြောနေသံကြားလို့ သီဟ နားစွင့်မိသွားတယ်၊
ကောင်လေး တစ်ယောက်ရဲ့အသံကို အရင်ကြားလိုက်ရတယ်။
“အဲ့ဒါပဲ နင်ကိုက အနုပညာကိုမခံစားတတ်တာလေ ငါကတော့ ဒီပန်းချီကား ပိုကြိုက်တာ”
“အေးပါ နင့်ဟာနင် ကြိုက်တာကြိုက်လေ သူများမကြိုက်တာကို အပြစ်ပြောစရာမဟုတ်ဘူးလို့တော့ ငါထင်တယ်
ငါအဲ့ဒီ့ပန်းချီကားကို တစ်မျိုးကြီးပဲလို့ ပြောမိတာနဲ့ ငါက အနုပညာကို မခံစားတတ်တာဖြစ်ရောလား ရှင်းရှင်းပြောမယ်ဟာ နင်အရမ်းကြိုက်နေပါတယ်ဆိုတဲ့ အဲ့ဒီ့ပန်းချီကားက ငါ့အတွက်တော့ အသက်မပါသလို ခံစားရတယ် လုံးဝမကြိုက်ဘူးဟာ အလကားပေးတောင် မယူဘူး ရှင်းလား” ဟု ပြောကာ ကောင်မလေးက လှည့်ထွက်သွားတယ်
တခြားသူတွေဘာတွေ ဆက်ပြောနေလဲ ဆိုတာကို
သီဟမကြားတော့ဘူး၊ကောင်မလေးရဲ့စကားသံအဆုံးမှာပဲ သီဟ တစ်ယောက် ကိုယ့်ကိုယ်ကို ဘာဖြစ်သွားမှန်းတောင်မသိလိုက်ဘဲ ရုတ်တရက် မိုက်ခနဲ ဖြစ်သွားတယ်၊ သတိပြန်ကပ်ရင်း အသက်လေးကို ဖြည်းဖြည်းချင်းပြန်ပြီးရှူသွင်း ရှူထုတ် ၅ကြိမ်လောက် လုပ်လိုက်တယ် ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ပြန်လှည့်ပတ်ပြီး တည်ငြိမ်သွားတော့မှ နည်းနည်းစိတ်အေးသွားတယ် ၊ သီဟမျက်နှာကတော့ အတော်ကိုမကောင်းတော့ပါ၊ ပြပွဲကပြီးဖို့လိုသေးပေမယ့် သူအတော်လေးပင်ပန်းသွားပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်နေတာကို သတိထားမိလိုက်တယ်၊
ဒီလိုနဲ့ သီဟလည်း ပြပွဲပြီးတဲ့ထိမနေတော့ဘဲ တာဝန်ရှိတဲ့သူတွေကို ညွှန်ကြားပြီး အိမ်ပြန်သွားလိုက်တော့တယ်၊ အိမ်ရောက်တော့ ဘာမှမလုပ်နိုင်ဘဲ အိပ်ရာထဲအရင်ပစ်လှဲလိုက်ရတယ်၊ ဘာမှမတွေးချင်တော့ဘူး ငါအိပ်မှရမယ်ဆိုတဲ့အတွေးနဲ့ အိပ်ချလိုက်တာ နောက်ရက်မနက်မှ ပြန်နိုးလာတော့တယ်
နိုးနိုးချင်း သီဟစိတ်ထဲမှာ မနေ့ကကိစ္စက စွဲထင်နေတုန်းပဲ
ခါတိုင်း နိုးတာနဲ့ကြားရတဲ့ ငှက်သံလေးတွေနားစွင့်ပြုံးရင်း မနက်ခင်းကို စတင်နေကျပေမယ့် ဒီနေ့တော့ သီဟစိတ်ထဲမှာ မနေ့က ကြားခဲ့ရတဲ့ “အလကားပေးတောင် မယူဘူး ရှင်းလား” ဆိုတဲ့ အသံက နားထဲမှာ ပဲ့တင်ထပ်နေတယ်၊ ဒါကို ပြန်ကြားယောင်တိုင်း သီဟစိတ်ထဲ မကျေမနပ်ဖြစ်တယ်၊ ဘာကို ဝမ်းနည်းလို့ဝမ်းနည်းမှန်းလည်းမသိနဲ့ စိတ်တွေအလွန်ရှုပ်ထွေးသွားတာကို ခံစားမိနေတယ်၊
သီဟက အဲ့လိုစိတ်အခြေအနေမျိုးဖြစ်နေရတာကို ဘယ်တုန်းကမှမကြိုက်ခဲ့ဖူးဘူး ၊ အမြဲတမ်းလည်း အဲ့လိုမဖြစ်အောင် ဖြစ်စေတော့မယ့်အရိပ်အယောင်မြင်တာနဲ့ ကြိုရှောင်ထားတတ်တဲ့သူမျိုး၊ ဒီတစ်ခါမှာတော့ သီဟတစ်ယောက် မရှောင်လိုက်နိုင်ဘဲ ဒီပဲ့တင်သံကြားမှာ အလူးအလဲနဲ့ ပင်ပန်းနေရရှာတယ်
နေ့လည်လောက်မှာတော့ သီဟလည်း ပြပွဲကိစ္စလတ်စသတ်စရာရှိတာတွေ လတ်စသတ်ဖို့ ပြခန်းကို သွားညွှန်ကြားတယ်၊ ပြီးတော့ အိမ်ပြန်လာတယ်၊ အိမ်ပြန်လမ်းတစ်လျှောက်လုံးလည်း နားထဲမှာ ပဲ့တင်ထပ်နေတဲ့အသံက ပေါ်ပေါ်လာနေတုန်းပဲ ၊ ဒီအကြောင်းတွေကို ပြောပြစရာလူလည်း သူ့မှာရှိမနေဘူး၊ သီဟက သူ့မှာဖြစ်တာတွေအကုန်လုံးကို ဘယ်သူ့ကိုမှပြောပြတတ်တဲ့အကျင့်မရှိဘူး သူ့ကောင်မလေးကိုကအစပေါ့၊ သီဟ ဒီတစ်ခါတော့ ကောင်မလေးကိုပြောပြလိုက်ရင် ပေါ့များသွားမလားတွေးမိပေမယ့် တကယ်တမ်းတော့ မပြောဖြစ်နေပါဘူး၊ ကောင်မလေးကိုလည်း အလုပ်ရှုပ်နေကြောင်းပြောထားပြီး ရှောင်နေလိုက်တယ်
တစ်ရက်ပြီးတစ်ရက် လုပ်စရာရှိတာတွေလုပ်ရင်း ဖြတ်သန်းနေပေမယ့် သီဟစိတ်ထဲမှာ ဘာက သူ့ကိုအောက်ဆွဲချနေမှန်းမသိတဲ့ခံစားချက်ကြီးက တဖြည်းဖြည်းကြီးလာတယ်၊လေးလံလာတယ်၊ ဒီရက်ပိုင်းတွေမှာ ငယ်ဘဝအကြောင်းတွေကို ခဏခဏပြန်ပြီး အိပ်မက်မက်နေတာတော့ သူသတိထားမိနေတယ် ၊ စိတ်ကလည်း ပန်းချီပြပွဲပြီးကတည်းက သိပ်မငြိမ်းချမ်းနေတာမျိုး လုပ်နေတဲ့အရာတွေအပေါ် စိတ်သိပ်မပါသလိုမျိုးတွေဖြစ်နေတာလည်း သူ့ကိုယ်သူ သိနေတယ်၊ ခေါင်းတစ်ခြမ်းကိုက်တာကလည်း ခဏခဏပြန်ဖြစ်နေတယ်၊ ညဘက်တွေလည်း အိပ်မက်ကလန့်လန့်နိုးပြီး အိပ်ရေးမဝသလိုခံစားရတာလည်း ရက်တွေကြာလာတယ်။
သီဟအတွေးထဲမှာတော့ ‘ငါတစ်ခုခုဖြစ်နေတာတော့သေချာတယ် ဘာဖြစ်တာလဲဆိုတာကိုပဲ ငါမသိနေတာ’ဆိုတဲ့ အတွေးတွေနဲ့ ခေါင်းထဲပြည့်နေတတ်တယ်၊
ပန်းချီဆွဲရင်လည်း သီဟ စဉ်းစားထားတဲ့အတိုင်းထွက်မလာဘဲ မှုန်မှိုင်းနေသလို ခံစားရတယ် ၊ ပန်းချီကားတွေက တစ်ခုခုကို ငံ့လင့်နေသလို ခံစားချက်ကြီးရနေတယ်လို့ သူ့ပန်းချီကားတွေကို သူကြည့်ပြီး တွေးနေမိတယ်၊
ရုတ်တရက် အိပ်မက်ထဲမှာပါတဲ့ အဒေါ့်အကြောင်းသွားတွေးမိတယ် ၊ သူနဲ့အဆက်အသွယ်မလုပ်တာ နှစ်ပေါင်းအတော်ကြာသွားခဲ့ပြီ ၊ ‘ဒါနဲ့များငါက သူ့ကိုဘာလို့ အိပ်မက်မက်ပါလိမ့်’ ဆိုပြီး တွေးရင်းနဲ့ ငယ်ငယ်တုန်းက အဲ့အဒေါ်ပြောဖူးတဲ့ သူမေ့မရတဲ့စကားလုံးတွေနဲ့ မြင်ကွင်းတွေ ပြန်ပေါ်လာတယ်၊ အဲ့တုန်းက ဘွား ရှိသေးတယ် ဘွားတို့အိမ်မှာ ဖေနဲ့မေက ထားခဲ့တဲ့ရက်တွေဆို အဲ့ဒီ့အဒေါ်က အရမ်းစိတ်ဆိုးတတ်တာကို သီဟမှတ်မိနေတယ်၊ အဲ့ဒီ့အဒေါ်က သီဟကိုရော ဘွားကိုရော စိတ်ဆိုးပြီး အမြဲတမ်းဒေါသတကြီးပြောနေတတ်တဲ့ ပုံရိပ်တွေက သီဟခေါင်းထဲအစီအရီပေါ်လာတယ်
‘သူ့ကို ထားသွားပြန်ပြီလား အမေတို့က ကိုယ်လည်းသေချာထိန်းနိုင်တာမဟုတ်ဘူး ပြီးရင် ကျုပ်တို့ကပဲ လိုက်ထိန်းရဦးမယ် လက်မခံနဲ့ပြောလည်းမရဘူး’ သီဟ အဲ့ဒီ့စကားတွေကို အခုထိ သေချာမှတ်မိနေတုန်းပဲ ၊ အမှတ်မိဆုံးစကားကတော့
‘ဟဲ့ ဟိုကောင်လေး ဒီနားလာဦး နင်ဂျီကျမယ် ငိုမယ် မစဉ်းစားနဲ့နော် ဒီအိမ်မှာ နင့်ကိုချော့မယ့်သူတစ်ယောက်မှမရှိဘူး ၊ ကိုယ့်ဟာကိုယ် အလိုက်တသိနေ ကြားလား’ အဲ့ဒီ့စကားက သီဟကိုသေးသေးလေးဖြစ်သွားစေသလို ခံစားခဲ့ရဖူးတယ်၊
အဲ့ဒီ့အိမ်ရောက်တိုင်း အဲ့ဒီ့အဒေါ်ကိုကြောက်လို့ သီဟက ဘာသံမှသိပ်မထွက်ရဲဘဲ အလိုက်တသိနေခဲ့ရတယ်
သီဟခေါင်းထဲ ဒါတွေ အစီအရီပြန်ပေါ်လာတော့ သေးသေးလေးဖြစ်သလိုခံစားချက်မျိုးကို ခံစားနေရတယ် ၊ မျက်လုံးဘယ်ဘက်ထောင့်ကနေ မျက်ရည်တွေ တသွင်သွင် စီးကျနေတယ်၊ သီဟငိုနေတာမဟုတ်ဘူး မျက်ရည်ကတော့ကျနေတာ တရစပ်ပဲ ၊ ရင်ဘတ်တွေပါအောင့်လာပြီး သီဟ ဝမ်းနည်းမှုကို အကြီးအကျယ်ခံစားလိုက်ရတယ်
ငယ်ငယ်တုန်းက သီဟလေးကို သူအရမ်းသနားသွားမိတယ်၊
တစ်ခါတုန်းက သီဟဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ပါတဲ့ ‘ဝမ်းနည်းအားငယ်တဲ့အခါ ကိုယ့်ကိုယ့်ကို လိပ်ပြာလေးတစ်ကောင်ပုံစံနဲ့ဖက်ပေးလို့ရပါတယ် (Butterfly Hug)’ ဆိုတာလေးကို သွားသတိရမိပြီး အလိုလို ကိုယ့်ကိုယ်ကို ဖက်ပေးမိသွားတယ်၊
နောက်တော့ ငိုချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ ငိုချလိုက်တော့တယ်၊ တင်းမထားဘဲ ငိုချလိုက်တာကြောင့် အတော်လေးပေါ့သွားတာကို သတိထားမိလိုက်တယ်၊
သူ့ခေါင်းထဲမှာ မီးလေးလင်းသွားသလို သီဟ ခံစားရပြီး
‘ဪ ငါ အထီးကျန်နေတာပဲ နောက်ပြီး အဲ့ဒီ့ အလိုက်တသိနေ ကြားလား ဆိုတဲ့စကားလေးတစ်ခွန်းအောက်မှာ ငါဟာ ပြားပြားဝပ်ခဲ့ရသလိုပါပဲလား ငါ့ခံစားချက်တွေနဲ့ ငါအပြင်မှာမပြောနိုင်တဲ့စကားတွေကို ပန်းချီကားတွေကနေတဆင့်ပဲ ငါဟာ ဖော်ပြဖို့ တတ်နိုင်ခဲ့တယ်’
ဆိုတဲ့ အတွေးလေးက သူ့ရဲ့ပန်းချီပြခန်းမှာကြားခဲ့ရတဲ့ ပဲ့တင်သံတွေကို ရပ်သွားစေခဲ့တယ်
စိတ်က အတော်လေးပေါ့ပါးသွားတာ သတိထားမိတယ်
ချက်ချင်းပဲ ထပြီး ပန်းချီဆွဲဖို့ ပြင်ဆင်လိုက်တယ်
ဘာဆွဲမယ်လို့ စီစဉ်မထားတဲ့ ပန်းချီကားတစ်ချပ်ကို သီဟဘဝမှာ ပထမဆုံးအနေနဲ့ စဆွဲလိုက်တော့တယ်၊
ပန်းချီဆွဲနေရင်းနဲ့ သီဟစိတ်ထဲမှာ ခံစားချက်တွေ မျိုးစုံရောပြွန်းလာတယ် မကျေနပ်တာတွေ၊သိမ်ငယ်တာတွေ၊ဒေါသထွက်တာတွေ၊ ဝမ်းနည်းတာ၊ကြောက်တာ၊ရှက်တာ၊စိုးရိမ်တာ၊စိတ်ကျေနပ်တာ၊ပီတိဖြစ်တာ စတဲ့ခံစားချက်မျိုးစုံကို စုတ်ချက်တွေနဲ့အတူမျောပါခံစားနေတယ်
အရောင်တွေကိုလည်း သူ့အလိုလို ရွေးချယ်သွားတာ သတိထားမိနေတယ်
ဒါလေးကို ဆွဲနေရင်းနဲ့ သီဟစိတ်ထဲ တဖြည်းဖြည်း ဝမ်းမြောက်လာသလို ခံစားနေရတယ်
တစ်ခုခုကို ပြီးမြောက်တော့မလိုခံစားချက်ကြီးက လှိုင်းတွေလို ဝင်လာသလိုပဲ
နောက်ဆုံးမှာတော့ ပန်းချီကားလေးကို ဆွဲလို့ပြီးသွားတယ်
စိတ်ထဲမှာ ဖြစ်ခဲ့တဲ့ သီဟအငယ်လေးရော အခုလက်ရှိသီဟရောရဲ့ ခံစားချက်တွေတိုင်းကို ဒီပန်းချီထဲမှာ ထည့်လိုက်ရသလိုခံစားရပြီး သက်ပြင်းရှည်ကြီး ချမိသွားတယ်။
သီဟပါးစပ်ကနေလည်း အသံထွက်မိသွားတယ်
“ဟား အခုမှပဲ ပေါ့သွားတော့တယ်”
တိမ်တွေကင်းစင်ပြီး လေနုအေးတွေတိုက်ခတ်နေတဲ့ ရာသီဥတုလေးတစ်ခုက သီဟရင်ထဲမှာ ပေါ်ထွန်းလာတော့တယ်
ဒီပန်းချီကားကမှ သီဟဘဝရဲ့ တကယ့် Masterpiece ဆိုတာကို သီဟကိုယ်တိုင်သဘောပေါက်သွားတယ်၊
အရင်လို စိတ်တိုင်းကျမှ လူတွေကိုချပြမယ်ဆိုတဲ့စိတ်က လုံးဝဝင်မလာတော့ဘဲ အခုချက်ချင်းတောင် ချပြလိုက်ချင်ရဲ့ဆိုတဲ့ စိတ်လေးက သူ့စိတ်ထဲ တဖွားဖွားပေါ်နေပြီး ပန်းချီကားကို တစိမ့်စိမ့်ကြည့်ရင်းကျေနပ်နေပါတော့တယ်
အဲ့ဒီနေ့ညမှာတော့ သီဟ ဘာအိပ်မက်မှလည်း မမက်တော့ဘဲ အကြာကြီးနေမှ ပထမဆုံးအနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်
နောက်နေ့ မနက်ခင်းလေးမှာတော့ စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ နိုးထလာရင်းနဲ့ သီဟ စိတ်ထဲမှာ ပြီးပြည့်စုံနေသလို ခံစားနေရတယ်
မနက်စာကို သေချာလေး ပြင်ဆင်ရင်း သီချင်းလေး ညည်းနေမိတယ် ကော်ဖီလေးဖျော်ရင်း ဒီနေ့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း ငယ်သူငယ်ချင်းတွေကို သွားသတိရမိတယ်
‘မင်းလွင်ဆီ ဖုန်းဆက်ဦးမှပဲ ပန်းချီပြပွဲပြီးရင် တွေ့မယ် ပြောထားမိတာ ….. မဟုတ်သေးပါဘူး သူ့အိမ်ဘက် ဒီညနေ လမ်းလျှောက်ရင်း သွားချိန်းလိုက်ပါမယ်လေ’ သီဟစိတ်ထဲတွေးရင်း တစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက်တယ်
စိတ်ထဲတော့ မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတေနဲ့ တွေ့ရတော့မှာမလို့ စိတ်ထဲမှာ အနည်းငယ်လှုပ်ရှားနေသလို ကြည်နူးနေမိတယ်
သီဟကိုယ်တိုင်လည်း အရင်နဲ့မတူတော့တဲ့ သူ့အတွင်းစိတ်လေးကို သူကြည့်ရင်း
အံ့ဩဝမ်းသာနေမိတော့တယ်
‘“ကဲ ဘယ်လိုလဲ ကိုယ့်လူ ကျွန်တော့်အကြောင်းက စိတ်ဝင်စားစရာကောင်းရဲ့လား ကျွန်တော်တော့ ခင်ဗျားဖတ်တာစောင့်ရင်း ကဗျာတစ်ပုဒ်ရေးဖြစ်သွားသေးတယ်၊
ကဗျာလိုလိုစာလိုလိုပေါ့ဗျာ အတွေးတွေချရေးထားတဲ့ပုံစံမျိုးပါပဲ၊
ကော်ဖီတစ်ခွက်ကို ဇိမ်ဆွဲသောက်တတ်တဲ့ ကျွန်တော့်ရဲ့ကော်ဖီတောင် ကုန်သွားခဲ့ပြီ၊
ခင်ဗျားစိတ်ဝင်တစားဖတ်နေတဲ့ပုံက ကျွန်တော့်အကြောင်းဆိုတာထက် ကျွန်တော့်ကိုခွဲခြမ်းစိတ်ဖြာနေပုံပဲ၊ ဒီလိုစိတ်ဝင်တစားဖတ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ဗျာ၊ အချိန်ရရင်တော့ ဒီကဗျာလေးလည်း ဖတ်ကြည့်သွားပါဦး”’
“မနက်ခင်းတွေက
သိပ်သာယာနာပျော်ဖွယ်ကောင်းကြောင်း
မနက်ခင်းတွေကပဲ ကိုယ့်ကိုပြောပြတယ်
မနက်လင်းခါစမှာ
ဖြာကျလာတဲ့ နေအလင်းတန်းလေး
တိုက်ခတ်လာတဲ့လေနုအေးလေး
နားစည်ကို ငြိမ့်ငြိမ့်လေးရိုက်ခတ်နေတဲ့ ငှက်ရောင်စုံရဲ့အသံတွေကြား
တိတ်ဆိတ်ခြင်းကို ဖြိုခွဲပေးနေတဲ့
သဘာဝရဲ့အသံလေးတွေ
အထိအတွေ့လေးတွေ
မြင်ရတဲ့မြင်ကွင်းတွေတိုင်းဟာ
မနက်အစောထနိုင်စေဖို့ အားဆေးတစ်ခွက်လို
မနက်ခင်းတွေကို ခံစားကြည့်တတ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်း
ကြင်နာပေးချင်တယ်”
