ဒီစာကို ရေးသားရခြင်းဟာ လူတွေရဲ့စိတ်ကို ဖိစီးမှုတွေ၊ စိတ်ရဲ့အတွင်းပိုင်းမှာ အလွန်အမင်း နာကျင်နေရတာတွေ အောက်က လွတ်မြောက်စေလိုတဲ့ စေတနာအရင်းခံနဲ့ ရေးရခြင်းဖြစ်ပါတယ်။
ဒီစာစုလေးတွေက အပြုသဘောကို ဆောင်ဖို့ ရည်ရွယ်ပါတယ်။
ဒီစာကို ဖတ်ရလို့ စိတ်အနှောင့်အယှက်ဖြစ်သွားတယ်၊ အဆိပ်အတောက်ဖြစ်ခဲ့ရတယ်ဆိုရင် ဖတ်သူမှာ အပြစ်မရှိပါ၊ ရေးသူကျွန်တော့်ရဲ့ အပြစ်သာ ဖြစ်ပါတယ်။
ဒီစာဖတ်ချိန်မှာ စိတ်ဖိစီးမှုနဲ့ အတိတ်ရဲ့ ဒဏ်ရာတွေ၊ နာကျင်ခံစားရတဲ့ နေရာကို ပြန်လည် ရောက်သွားတတ်ပါတယ်။ ဆက်မဖတ်နိုင်ရင် ရပ်ပစ်လိုက်ဖို့ တောင်းဆိုပါရစေ။
ရပ်လိုက်ပေမယ့်လည်း စိတ်ဖိစီးမှုတွေ ဆက်လက်ဖြစ်ပေါ်နေရင် Counselling Corner Yangon (09784509916) ၊ Counselling Corner Mandalay (09776000736) တို့ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံကာ တွေ့ဆုံ ဆွေးနွေးလို့ရပါတယ်။
မတ်လ ၂၈ ရက်နေ့ကို သတိရခြင်း ..
မတ်လ ၂၈ ရက်နေ့ မန္တလေး၊ စစ်ကိုင်း ဒေသတွေရဲ့ အနီးတစ်ဝိုက်မှာ ငလျင်လှုပ်ခတ်သွားတဲ့ အချိန်က ကျွန်တော် နေ့လယ်စာစားအပြီး အပြင်ကနေ ရုံးကို လမ်းလျှောက်ပြန်လာနေတဲ့အချိန်ပါ။ ရန်ကုန် တိုက်ခန်းအမြင့်တွေပေါ်ကနေ လူတွေ အိမ်အောက်ကို အူယားဖားယား ပြေးဆင်းနေကြတယ်။ ကျွန်တော် လမ်းကို ခြေလှမ်းကျဲကျဲနဲ့ ခပ်မြန်မြန်လျှောက်ခဲ့တဲ့အတွက် ငလျင်က ခါတိုင်းထက် အတော်ပြင်းသွားတယ်ဆိုတာကို သတိမထားလိုက်မိဘူး။ ရုံးနားရောက်တော့မှ ရုံးကလူတွေအားလုံးလည်း အောက်ကို ရောက်နေတာကို တွေ့လိုက်ရတယ်။ အဲဒီတော့မှ ငလျင် အတော်ပြင်းတာကို သတိထားမိခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး စိတ်ချရပြီဆိုတဲ့ အချိန်တစ်ခုရောက်တော့မှ ရုံးပေါ်ကို ပြန်တက်ခဲ့ကြတယ်။
အဲဒီအချိန် အထိက ကျွန်တော် ဘယ်နေရာတွေမှာ ဘာဖြစ်သွားတယ်ဆိုတာ မသိရသေးဘူး။ ဒါပေမယ့် သိပ်မကြာပါဘူး၊ မန္တလေး၊ စစ်ကိုင်းနဲ့ နီးစပ်ရာဒေသတွေ “ကမ္ဘာပျက်” သွားတယ်၊ အချိန်တိုအတွင်းမှာ ကမ္ဘာပျက်သွားတဲ့သူတွေ အများကြီး ရှိခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။
ချက်ချင်းဆိုသလို ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်ဖို့ ကူညီရတော့မယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်တော်နဲ့ ကျွန်တော်တို့ Team members တွေအားလုံး နည်းမျိုးစုံနဲ့ ထိခိုက်သွားတဲ့လူတွေကို စိတ်ပိုင်းဆိုင်ရာ ပြန်လည် တည်ငြိမ်လာဖို့ စတင် ကူညီပေးခဲ့ကြပါတယ်။
ငလျင်အပြီး လူတွေ ဘာတွေ ခံစားနေရလဲ ?
အခုဆို မန္တလေးမှာတော့ တော်တော်များများ စီးပွားရေးတွေ ပြန်လည် လည်ပတ်ဖို့၊ ရှေ့ဆက်သွားဖို့ ကြိုးစား ဆောင်ရွက်နေကြပါပြီ။ သွားနေကြပါပြီ။ ဒါပေမယ့် တစ်ချို့လူတွေရဲ့ ကမ္ဘာလေးတွေကတော့ ဒီနေ့အထိ မပြင်ရသေးပါဘူး။ မတ်လ ၂၈ ရက်နေ့လိုပဲ ဒီနေ့ဟာ လှုပ်ခါနေတုန်း၊ တုန်လှုပ်နေတုန်း၊ ပျက်စီးမှုတွေကြားမှာ မပြီးဆုံးသေးတဲ့ အိပ်မက်ဆိုးတွေကို မက်ချင်ပေမယ့် ဆက်မက်နေရတုန်းပါပဲ။ အိပ်မက်မှန်း သိနေပေမယ့် ဘယ်လိုမှ ရုန်းထွက်လို့ မရသေးပါဘူး။
ကျွန်တော်နဲ့ တွေ့ဆုံမှုတိုင်းမှာ လူကြီးလူငယ်တွေ ခံစားရလေ့ရှိတဲ့အရာတွေ အများကြီး ရှိကြတယ်။ အထူးသဖြင့် အဲဒီအချိန်တုန်းက ပိတ်မိနေတုန်း မေ့လို့မရတဲ့ အရာတွေထဲက အင်္ဂတေတွေက ထွက်လာတဲ့ ဖုန်မှုန့်နဲ့ အနံ့တွေ၊ ပိနေတဲ့ ခံစားချက်တွေ၊ အမှောင်တိုက်ထဲ “ငါ သွားပြီ” ဆိုတဲ့ ခံစားချက်နဲ့ ပိတ်မိနေမှုတွေ၊ ကိုယ်နဲ့အတူတူ ပိတ်မိနေသူထဲက မကယ်တင်လိုက်နိုင်တဲ့သူတွေ၊ သွေးစိမ်းရှင်ရှင်တွေက ခုချိန်ထိ အိပ်မက်ဆိုးလို ခြောက်လှန့်နေကြတယ်။ လက်ရှိမှာ နေနေရပေမယ့် အတိတ်ကို အတိုင်းအဆမဲ့ ခေါ်ဆောင်သွားခံရမြဲ၊ ရောက်သွားဆဲ၊ ရောက်သွားမြဲ ဖြစ်နေတတ်ပါတယ်။
ဘယ်လို လွတ်မြောက်လာကြလဲ?
အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ထွက်လာနိုင်သူတွေ အချို့က ပိရာကနေ အတင်း တိုးထွက်လာနိုင်ကြတယ်၊ တစ်ချို့က ခုန်ချပြီး ထွက်ခဲ့ရတယ်၊ တစ်ချို့က အဲဒီအချိန် ကြောက်ဖို့ သတိမရဘဲ ပိတ်နေသူအချင်းချင်း ကူညီပြီး ဦးဆောင် တိုးထွက်၊ ဖောက်ထွက်ကြရတယ်၊ တစ်ချို့ကျတော့ “ကူပါ၊ ကယ်ပါ” အော်နေကြပေမယ့် ကူနိုင်လောက်တဲ့ အနေအထားမဟုတ်တော့ (ကိုယ် မကယ်နိုင်တဲ့သူတွေကို) “ပြန်လာမယ်နော်” ဆိုပြီး ရင်နာနာနဲ့ ထားခဲ့ပြီး ထွက်ခဲ့ကြရတယ်၊ တစ်ချို့ကလည်း အပေါက်သေးသေးလေးက လေးဖက်ထောက် တိုးထွက်ခဲ့ရတယ်၊ အချို့များဆို အဝတ်အစားတောင် မပါနိုင်တော့တဲ့အထိ သံချောင်းတွေကြားက အသက်စွန့်ဆံဖျား ထွက်ခဲ့ကြရတယ်၊ တစ်ချို့ကလည်း တစ်ခါမှ မတွေ့ဖူးတဲ့ သူစိမ်းကယ်ဆယ်မှုတွေရဲ့ အကူအညီနဲ့ ထွက်ခဲ့ကြရပြန်တယ်၊ တစ်ချို့က ချစ်ရတဲ့သူတွေရဲ့ အကူအညီနဲ့ ထွက်လာနိုင်ပေမယ့် သူတို့ကို ထားခဲ့ပြီး ထွက်ခဲ့ရပြန်တယ်။ အချို့က အဲဒီနေ့မှာ၊ အဲဒီနေရာမှာ ရှိမနေလို့ လွတ်မြောက်ခဲ့ရတယ်။ ဘယ်လိုပဲ လွတ်မြောက်လာပါစေ၊ နေပါစေ၊ အားလုံးမှာ စိတ်ဒဏ်ရာတွေ အသီးသီးနဲ့ ရှိနေကြရတယ်။
ဘာကြောင့် ခုချိန်ထိ အတွေးတွေ ပြန်ရောက်လာရတာလဲ?
မတ်လ ၂၈ ရက်နေ့က စတင်ရေတွက်မယ်ဆိုရင် အခုဆိုရင် ၆ လ တိတိ ရှိခဲ့ပါပြီ။ ငလျင်ကြီး လှုပ်ခတ်ပြီး ရက်ပေါင်း တစ်ရာကျော်၊ နှစ်ရာနီးပါး ဖြတ်သန်းလာခဲ့ရပေမယ့် ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဒဏ်ရာတွေဟာ လွယ်လင့်တကူ ပျောက်ကင်းမသွားနိုင်ကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ခံစားမှုပုံစံ မတူတဲ့အတွက် ချောက်ခြားစရာ အမြင်တွေ၊ ပုံရိပ်တွေ၊ အိပ်မက်ဆိုးတွေ၊ သွေးပျက်စရာ မြင်ကွင်းတွေကြောင့် အကြောက်တရားတွေက ဆက်လက်ပြီး တွေ့ကြုံနေရတတ်ပါတယ်။ ကိုယ် ခံစားခဲ့ရတာတွေက အလွန် ပြင်းထန်လွန်းခဲ့လို့ပါ။
တစ်ချို့က အထပ်မြင့် အဆောက်အအုံထဲ မဝင်ချင်တော့၊ မဝင်ရဲတော့ဘူး။ တစ်ချို့က အဲဒီနေ့အကြောင်း ပြန်လည်စဉ်းစားဖို့၊ ပြောပြဖို့ကို မကြိုက်တော့ဘူး။ ပြန်ပြောရင် ပိုဆိုးလာမယ်လို့ ထင်ကြတယ်။
ဒါတွေကို ပြန်ပြောမှ သက်သာမှာလား?
ဟုတ်ပါတယ်။ နာကျင်ရတဲ့ ခံစားမှုတွေကို ပြန်ပြောပြဖို့ လိုပါတယ်။ အတိတ်က ဒဏ်ရာတွေကို တစ်ခုချင်း ပြန်ထုတ်ပြီး ကြည့်ရပါတယ်။ ကိုယ် ထင်နေတာက ဒါတွေကို ပြန်ပြောစရာမလိုဘူး၊ ပြန်မပြောမှ ကောင်းမယ်ဆိုပြီး ထင်နေတတ်ပါတယ်။ ဒီလိုထင်တာကလည်း စိတ်ဒဏ်ရာရဲ့ ပုံစံတစ်ခုလို့ ပြောရပါမယ်။ ဦးနှောက်က အန္တရာယ်ရှိတယ်ဆိုပြီး ကာကွယ်ထားတဲ့အတွက် ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ “အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေးတွေ” ကို ဦးနှောက်က မှတ်ထားပြီး အဲဒီလို တူညီတဲ့အရာတွေကို တွေ့တိုင်း၊ ကြုံရတိုင်း၊ ခံစားရတိုင်းမှာ အန္တရာယ်ရှိတယ်လို့ သတိပေးနေတဲ့အတွက် ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ လိုအပ်သလောက်ပဲ ပြန်ပြောခိုင်း၊ ထုတ်ခိုင်းပါတယ်။ ကိုယ့်ကို အလွန်ဆိုးဝါးသွားတဲ့ အခြေအနေရောက်သွားတဲ့အထိ မထုတ်ခိုင်းပါဘူး။ သဘာဝဘေးအန္တရာယ်တွေမှာ အတွေ့အကြုံရှိထားကြတဲ့ Counsellor (အကြံပေးသူ) တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။
ကုစားမှု အချိန် ဘယ်လောက်ကြာမလဲ?
တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ချို့ကလည်း ၃ ရက်၊ တစ်ချို့ကလည်း ၃ လ၊ တစ်ချို့ကလည်း နှစ်နဲ့ချီ ကြာနိုင်ပါတယ်။
ငလျင်နဲ့ ပြင်းထန်တဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ လူအများစုအတွက် ဒီလို စိတ်ဒဏ်ရာတွေဟာ ခံစားနေရဆဲ ဖြစ်နိုင်ပါတယ်။ လက်ရှိ ဆက်ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ အနေအထားတွေကြောင့်လည်း လိုအပ်တာထက် ပိုပြီး ကြာရှည်နိုင်ပါတယ်။ လှုပ်ခတ်ပြီး တစ်လပြည့်တဲ့နေ့မှာ ကျွန်တော် မန္တလေးမှာ ရှိပါတယ်။ လှုပ်ခတ်မှုလေးတွေကြောင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ပြီး လက်ရှိနေရာကနေ အသိလွတ်ကာ အဆောက်အအုံထဲကနေ လွတ်ရာကို ထွက်ပြေးနေတဲ့သူတွေ အများကြီး ရှိနေခဲ့ပါတယ်။ အခုတော့ အဲဒီလိုမျိုး အလွန်အမင်း ထိတ်လန့်တုန်လှုပ်ပြီး အဆောက်အအုံထဲ ပြန်မဝင်တော့တဲ့ တုံ့ပြန်မှုလေးတွေ နည်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း ခပ်စိပ်စိပ်လေး ပြန်ဖြစ်လာပြန်တော့ ပူပန်မှုလေးတွေ ပြန်တွေ့လာရပြန်တယ်။ အထူးသဖြင့် ကလေးတွေမှာ ပြန်ပြီး ပူပန်စိတ်တွေ များလာတာ တွေ့ရပြန်ပါတယ်။ ကလေးတွေအတွက်ဆိုရင် “ကစားနည်းနဲ့ စိတ်ဖြေလျှော့တဲ့” နည်းလမ်းတွေ သိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘုန်းတော်ကြီးပညာသင်ကျောင်းက ကလေးတွေ၊ မိဘမဲ့ကလေးတွေကို ဒီလိုနည်းလမ်းနဲ့ အခမဲ့ သွားရောက် ကူညီပေးနေပါတယ်။
“စိတ်ဒဏ်ရာ” ကို ဂရုစိုက်ဖို့ လိုသလား?
“စိတ်ဒဏ်ရာ” ကို အမှန်တကယ် သတိပြုဖို့ လိုပါတယ်။ စိတ်အနာတွေကို သက်သာစေဖို့ ရောက်ရှိနေတဲ့ လက်ရှိအနေအထားကို ကျေးဇူးတင်ပါ။ အဖြစ်အပျက်တွေကို ကြိုးစားပြီး လက်ခံနားလည်ပေးပါ။
ခုချိန်မှာ စိတ်ပိုင်းဆိုင်ရာအတွက် အထောက်အပံ့တွေ ရရှိရင် အခွင့်အရေးကို အမိအရ ရယူဖို့ လိုအပ်ပါတယ်။ မရှက်ပါနဲ့။ ပရော်ဖက်ရှင်နယ် အကြံပေးတဲ့သူတွေနဲ့ ဆက်သွယ်ပါ။
စိတ်ဒဏ်ရာဟာ စိတ်ရောဂါဖြစ်တာလား?
ဒီလိုတွေ ခံစားရရင် “ငါ ဘာဖြစ်တာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်တတ်ကြတယ်။ စိတ်ဒဏ်ရာတိုင်းဟာ စိတ်ရောဂါအဆင့် မဟုတ်သေးပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာတော့ လူတစ်ယောက်ရဲ့စကားတစ်ခွန်းကြောင့် “ငါများ အားနဲသွားပြီလား” လို့ ခံစားတတ်တယ်။ သူများတွေပြောသလို အားနည်းလို့ ဖြစ်တာမဟုတ်ပါဘူး။ ဒါဟာ လူသားတစ်ယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်ရဲ့၊ အခြေခံကျကျ၊ သဘာဝကျကျ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။
စိတ်ဒဏ်ရာ ခံစားနေရနိုင်တဲ့သူတွေကို ဘယ်လို စောင့်ရှောက်ရမလဲ?
မိသားစုဝင်၊ မိတ်ဆွေတွေကို စိတ်လုံခြုံမှုပေးပါ။ အချင်းချင်း နားလည်ပေးတာ၊ ထောက်ထားညှာတာပေးတာနဲ့၊ ကြင်နာမှုတွေက ငလျင်အတွင်းမှာ ပြင်းပြင်းထန်ထန် ကြုံတွေ့ခံစားခဲ့ရသူတွေအတွက် အထောက်အပံ့ ဖြစ်စေပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျွန်တော်တို့အားလုံး မတ်လ ၂၈ ရက်နေ့ဆီကို ပြန်လည် ရောက်ရှိနေနိုင်ပါတယ်။ အဲဒီအချိန်မှာ အသက် ဆုံးပါးသွားသူတွေကို ပိုပြီး သတိရနိုင်ကြပါတယ်။ ကိုယ်က ဒီအဖြစ်အပျက်ကြီးရဲ့ ဟိုးအဝေးဆုံးမှာ ရောက်နေခဲ့သည်တိုင်၊ ကိုယ် မြင်လိုက်ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်ကလည်း သူတို့ကို သတိရစေနိုင်ပါတယ်။ ကျွန်တော် ဒီနေရာမှာ တောင်းဆိုချင်တာကတော့ မလွတ်မြောက်ဘဲ ဆုံးပါးသွားတဲ့သူတွေကို သတိရသလို၊ လွတ်မြောက်လာပြီး ဒီနေ့ထိ ရှင်သန်ကျန်ရစ်တဲ့သူတွေနဲ့၊ အကြောက်တရားတွေ၊ ဝမ်းနည်းမှုတွေနဲ့အတူတူ တောင့်ခံပေးထားတဲ့ သူတွေကိုလည်း သတိထားပြီး ကြည့်ပေးဖို့ သတိရသင့်ပါတယ်။

